DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီထုတ်ပြန်ချက် မြန်မာစိတ်ပျက်
DVB
·
July 22, 2017
မစ္စယန်ဟီးလီထုတ်ပြန်ချက် မြန်မာစိတ်ပျက်
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မြန်မာခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ရတဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက  ဇူလိုင် ၂၁ရက်နေ့စွဲနဲ့ကြေညာပါတယ်။

ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခ၊ အထီးကျန်မှုနဲ့ ဖွံဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ်တဲ့ ပြဿနာတွေကိုဖြေရှင်းရမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြ လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့  အချက်အလက်တွေ များစွာပါဝင်နေတယ်လို့ အစိုးရကပြောပါတယ်။

မစ္စယန်ဟီးလီဟာ ခရီးစဉ်အတွင်း အစိုးရကိုယ်စားလှယ် အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကိစ္စ၊ မြန်မာနိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုရရှိဖို့ ကြိုးပမ်းနေမှုကိစ္စတွေကို ဆွေးနွေးခဲ့ပြီး လူမှုအသိုက်အဝန်း အကြား သဟဇာတဖြစ်စေရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက် အစိုးရက ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ   မြန်မာပြည်ခရီးစဉ်အပြီး မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပက်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့ အလေးအနက် တိုက်တွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်လာပြီး သူတို့ဟာသူတို့ အချက်လက်ရှာခွင့်ပြုဖို့ မြန်မာအစိုးရကို အလေးအနက် တိုက်တွန်းပါတယ်။ မြန်မာအစိုးရအနေနဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အချက်အလက် ရှာဖွေရေးအဖွဲ့ ကတော့ လာမယ့်စက်တင်ဘာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို နုတ်နဲ့ အစီရင်ခံမယ်။ ပြီးတော့လာမယ့်နှစ်မတ်လမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို သူတို့အနေနဲ့စာနဲ့ အစီရင်ခံရမှာဖြစ်ပါတယ်” လို့ မစ္စယန်ဟီးလီကပြောပါတယ်။

ဇူလိုင် ၁၀ရက်ကနေ ၂၁ရက်နေ့အထိ သူရဲ့ ၆ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်မှာတော့ ရန်ကုန်၊ နေပြည်တော်၊ ရခိုင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ကျောက်ဖြူ၊ စစ်တွေ၊  ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့ပြီး ရှမ်းပြည်နယ်မှာတော့ လားရှိုးကိုပဲ သွားရောက်နိုင်ခဲ့လို့ပြောပါတယ်။

သူသွားချင်တဲ့ နေရာတွေကို လုံခြုံရေးအရ သွားခွင့်မရခဲ့သလို သူနဲ့ တွေ့ဆုံတဲ့ သူတွေကိုလည်း အာဏာပိုင်တွေက မေးမြန်းတာ ဓာတ်ပုံရိုက်တာပြုလုပ်နေတာကြောင့်လည်း စိတ်ပျက်မိတယ်လို့ မစ္စယန်ဟီးလီကပြောပါတယ်။

ရှမ်းပြည်နယ်မှာ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက် ၃ ဦးဖမ်းဆီးခံထားရတဲ့ သီပေါအကျဉ်းထောင်ကို သွားဖို့ ခွင့်တောင်းခဲ့ပေမယ့်လည်း မရခဲ့ဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာလည်း အရင်ကထက်တောင်ပိုပြီးရှုပ်ထွေးတယ်လို့ ယန်ဟီးလီကပြောပါတယ်။

“ရခိုင်မြောက်ပိုင်း အခြေအနေဟာ ပိုပြီးရှုပ်ထွေးနေသလို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးလုပ်နေတဲ့အခါ လူ့အခွင့်ရေးချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေကိုကျမ ဆက်တိုက်ရနေပါတယ်။ ဒါ့အပြင် ဘယ်သူမှန်းမသိရတဲ့ လူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း နှစ်ဖက်အသိုင်းအဝိုင်းက ကြောက်လန့်နေကြပါတယ်”

သူရဲ့ ခရီးစဉ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဝန်ကြီးတွေကို တွေ့ဆုံခဲ့ရပေမယ့် ကာကွယ်ရေးနဲ့ သာသနာရေးဝန်ကြီးတွေကိုတော့ တွေ့ဆုံခွင့်မရခဲ့ပါဘူးလို့ ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေတွေ ကာကွယ်တိုးမြှင့်ရေးကိစ္စတွေ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေတွေကို  ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

သူ့ရဲ့ဒီခရီးစဉ်ဟာ အစိုးရသစ်လက်ထက်မှာ တတိယအကြိမ် လာရောက်တာဖြစ်ပြီး အရင်အစိုးရလက်လက် ကျင့်သုံးခဲ့တဲ့မဟာဗျူဟာတွေကိုပဲ ကျင့်သုံးနေတာမြင်ရတာကြောင့်လဲ စိတ်ပျက်မိတယ်လို့ဆိုပါတယ်။

မစ္စယန်ဟီးလီဟာ ခုခရီးစဉ်မှာ သူတွေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေကို လာမယ့် အောက်တိုဘာလကျရင် ကုလသမဂ္ဂမှာ တင်ပြသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လူ့အခွင့်အရေး လေးစားတဲ့ နိုင်ငံဖြစ်လာအောင် အကူအညီပေးဖို့ အဆင်သင့်ဘဲလို့မစ္စယန်ဟီးလီက ယန်ဟီးလီက သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013