DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ရေချိုငါးခူကို တပိုင်တနိုင် အိမ်တွင်းစီးပွားအဖြစ် မွေးမြူသူ များလာ(ရုပ်သံ)
DVB
·
July 22, 2017
မြိတ်မြို့တွင် ရေချိုငါးခူကို တပိုင်တနိုင် အိမ်တွင်းစီးပွားအဖြစ် မွေးမြူသူ များလာ(ရုပ်သံ)
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ ရေချို ငါးခူ ငါးသားပေါက်တွေကို တပိုင်တနိုင် အိမ်တွင်း စီးပွားအဖြစ် မွေးမြူသူ များလာနေပါတယ်။

ရေချို ငါးခူ ငါးသားပေါက်တွေကို အထက်မြန်မာပြည်နဲ့ ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းတွေ အဓိက ၀ယ်ယူ မွေးမြူရကြောင်း ငါးခူမွေးမြူ ရောင်းချသူတွေက ပြောပါတယ်။

“ဒီ ငါးခူက သူများနေရာတွေမှာ မွေးမြူနေတာ အောင်မြင်တာတွေ့ရတော့ ကိုယ့်ဒေသမှာ ပြန်လည်မွေးမြူပြီး စမ်းကြည့်ရမှ တပိုင်တနိုင်အဖြစ် မွေးမြူဖြစ်သွားတာပါ၊ အခုဆိုရင် နေ့စဉ် ၀င်ငွေအနေနဲ့ အိမ်တွင်း စီးပွားရေး မွေးမြူရေး အလုပ်တခု ဖြစ်နေပါပြီ။ လက်ရှိ ဖမ်းရောင်း နေတာ ၈ သိန်းနီးပါးလောက်တော့ ရနေပါပြီ။ အများစုကတော့ ဈေးတွေမှာ ဖောက်သည်ပေး ရောင်းချတာ များပါတယ်။ ငါးခူ မွေးမြူရတာ အကောင်ကြီးထွားဖို့ စပ်စာတွေ ရောပြီး ကျွေးရသလို ငါးအကောင်သေးသေးလေးတွေကို ခုတ်ထစ်ပြီး ကျွေးရတယ်။ ထိုင်းနိုင်ငံထုတ် ငါးအစားတမျိုးကိုလည်း ၀ယ်ပြီး ကျွေးရပါတယ်” ငါးခူမွေးမြူနေတဲ့ ဦးသန်းဇော်က ပြောပါတယ်။

ရေချို ငါးခူ ငါးသားပေါက်တွေကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ရတနာရပ်ကွက်နဲ့ ကျွဲကူးကျေးရွာတွေမှာ အများဆုံး မွေးမြူကြတယ်လို့ ဆိုပါတယ်။

ငါးသားပေါက်တွေကို အထက်မြန်မာပြည် မန္တလေးကနေ တိုက်ရိုက်မှာယူရပြီး တစ်ကောင်ကို ကျပ်ငွေ ၆၅ မှ ၈၀ နီးပါးအထိ ကုန်ကျစရိတ်ရှိပြီး ထိုင်းနိုင်ငံမှ တင်သွင်းတဲ့ ငါးသားပေါက်မှာ တကောင်ကို ကျပ်ငွေ ၁၀၀ ကျကြောင်း မွေးမြူသူတွေက ရှင်းပြပါတယ်။

ရေချို ငါးခူတွေကို မြိတ်မြို့မှာ စီးပွားအဖြစ် ကနဦး တစ်ယောက်စ နှစ်ယောက်စ ရှိရာမှ လက်ရှိမှာ အိမ်တွင်းစီးပွားအဖြစ် တပိုင်တနိုင် မွေးမြူသူတွေ များလာနေပါတယ်။

ငါးခူးမွေးမြူနေသူတဦးဖြစ်တဲ့ ဦးထွေးငယ်က “ငါးက ကျနော်တို့ စမွေးတာက အရွယ်အစားမှာ ၃ လက်မ၊ ၃ လက်မခွဲ အရွယ်အစားလောက် ရှိပါတယ်။ ခုဆိုရင် ၂ လမှ ၃ လ နီးပါးလောက် ရှိနေပါပြီ။ အဲ့ဒီအရွယ်ကနေပြီး စဖမ်းရောင်းလို့ ရပါပြီ။ ဈေးနှုန်းက ပထမ သတ်မှတ်တာ ၆၀၀၀ ဈေးရှိပါတယ်၊ အဲ့ဒီကနေပြီး မွေးမြူသူများလာတော့ တဖြည်းဖြည်းနဲ့ ဈေးက ၅၅၀၀ မှ ၅၀၀၀ အထိ ဈေးရှိပါတယ်၊ အခု နောက်ဆုံးဈေးက ၄၅၀၀ မှ ၄၀၀၀ မှာ ဈေး တည်နေပါတယ်” လို့ ပြောပါတယ်။

မြိတ်မြို့မှာ ရေချို ငါးခူတွေကို မွေးမြူလာတာ ၅ လ၊ ၆ လ နီးပါးလောက်ရှိနေပြီး ကနဦး အစမွေးမြူသူတွေဟာ အမြတ်အစွန်းတွေ ရနေကာ ဒေသရဲ့ ရာသီဥတုနဲ့ ကိုက်ညီတာကြောင့် အောင်မြင်နေကြောင်း သိရပါတယ်။

ရေချို ငါးခူတွေကို မြိတ် မြို့ပြင်ရှိ ဈေးတချို့မှာ သွားရောက် ရောင်းချလေ့ရှိသလို ရေချိုငါးတွေကို အများဆုံး ၀ယ်ယူ စားသောက်တဲ့ တနင်္သာရီမြို့နယ် လမ်းတစ်လျှောက်မှာလည်း ဈေးဆိုင်ကယ်တွေနဲ့ သွားရောက် ရောင်းချနေကြောင်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013