DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည် ညီညွှတ်ရေးကော်မတီအစည်းအဝေးကို ဟန့်တားမှု အန်စီအေလမ်းကြောင်းနှင့် လွဲချော်နေ
DVB
·
July 21, 2017
ရှမ်းပြည် ညီညွှတ်ရေးကော်မတီအစည်းအဝေးကို ဟန့်တားမှု အန်စီအေလမ်းကြောင်းနှင့် လွဲချော်နေ
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် ၂၀ မှ ၂၂ ရက်ထိ ကျင်းပဖို့စီစဉ်ထားတဲ့ ရှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးက ထိုင်းစစ်တပ် တိုင်းဒေသ အမှတ် ၃ ကနေ တဆင့် တားဆီးကန့်ကွက်ဟန့်တားလိုက်ပါတယ်။

ဒီလို တားဆီးပိတ်ပင်တာဟာ တနိုင်ငံလုံးအပစ်ရပ်သဘာတူစာချုပ် (အန်စီအေ) လမ်းကြောင်းကနေ လွဲချော်ဆောင်ရွက်နေတာဖြစ်တယ်လို့  CSSU အလှည့်ကျ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က ချင်းမိုင်မှာ  ဒီကနေ့မနက် သတင်းစာရှင်း လင်းပြောကြားခဲ့ပါတယ်။

“အစည်းအဝေးဟန့်တားခံရတော့ ကျနော်တို့က NRPC ကိုလှမ်းမေးတယ်၊ သူတို့လည်း မသိဘူးတဲ့။ အစိုးရဘက်လည်းမသိဘူး။ ဒါတပ်မတော်က တိုက်ရိုက်လုပ်တာ၊ စာထဲမှာ CSSU အစည်းအဝေးဟာ ရွေးကောက်ပွဲကိုလည်းဆန့်ကျင်တယ်၊ အန်စီအေလက်မှတ်မထိုးတဲ့အဖွဲ့ လည်းပါနေလို့ခွင့်မပြုဖို့ပြောတယ်။ ဒီအကြောင်းပြချက်တွေက မခိုင်လုံဘူး၊ CSSU က ဘာကြောင့်ရွေးကောက်ပွဲ ဆန့်ကျင်သလဲဆိုတာ နားမလည်ဘူး၊ အန်စီအေ လက်မှတ်မထိုးသေး တဲ့ SSA/SSPP ဆိုတာက သူတို့အဖွဲ့ဝင်ထားတဲ့  UNFC ကနေ အစိုးရနဲ့ အမြဲတမ်းဆွေးနွေးနေ တာဘဲလေ။ အမှန်က ဒီအစည်းအဝေးဟာ ကျနော်တို့ အန်စီအေလမ်းကြောင်းအတိုင်း သွားနေတာ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စည်းလုံးညီညွတ်ရေးတွေအတွက်လုပ်နေတာ၊ အန်စီအေအရဆိုရင် ဒီဆွေးနွေးပွဲတွေလုပ်ရင် အကြောင်းကြားပြီး လုပ်လို့ရတယ်။ ခွင့်တောင်း စရာမလိုဘူး။ ကျနော်တို့ဘက်က အန်စီအေသဘောတူချက်တွေ ကျော်လွှားတာ၊ ချိုးဖောက်တာ မရှိခဲ့ဘူး၊  သူတို့ဘက်ကသာ အဆင့်ကျော်ပြီး ဟန့်တားလာတာ၊ ဒါဟာ အန်စီအေသဘောတူ ချက်ကို ကျော်လွှားတယ်၊ ဖောက်ဖျက်တယ်လို့ပဲမြင်တယ်”

တပ်မတော်အနေနဲ့ သတိပေးစရာ၊ ပြောစရာတွေရှိရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကနေဘဲဖြစ်ဖြစ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော် ဒါမှမဟုတ် RCSS/SSA ဆက်ဆံရေးရုံးတွေကနေတဆင့် ပြောကြားစေလိုကြောင်း၊ စစ်သံမှူးက အခုလို  ထိုင်းစစ်တပ်ကနေ တိုက်ရိုက်ဟန့်တားလိုက်တဲ့အပေါ် နားမလည်နိုင်သလို ဟန့်တားရတဲ့ အကြောင်းပြချက်ဟာ  ခိုင်လုံမှုမရှိဘူးလို့ ဗိုလ်ချုပ်ကြီးရွက်စစ်က ပြောပါတယ်။

အခုလို ဟန့်တားခံရတာနဲ့ ပတ်သက်လို့ CSSU အနေနဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ အကြောင်းကြားသွားဖို့ ရှိတယ်လို့ သိရပါတယ်။

CSSU  အဖွဲ့ထဲမှာ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလူမှုအခြေပြုအဖွဲ့၊ ရှမ်းလူငယ်အဖွဲ့ စတဲ့ အဖွဲ့ပေါင်း ၁၀ ဖွဲ့ ပါဝင်တာဖြစ်ပါတယ်။

CSSU အဖွဲ့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ  ရှမ်းပြည်သူတွေ သဘောဆန္ဒတင်ပြနိုင်ဖို့ ရှမ်းလူမျိုးဆိုင်ရာ အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးနဲ့ ပင်လုံမှာ ကျင်းပခွင့်တောင်းထားပေမယ့်လည်း တပ်မတော်ဘက်က မိုင်းတော့၊ မိုင်းထား၊ မိုင်းပန် စတဲ့ မြို့တွေမှာသာ ကျင်းပစေတာကြောင့် လူမျိုးအဆင့်ဆွေးနွေးပွဲကို မကျင်းပနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013