
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂမ်ကို ပွဲပယ်ပြစ်ဒဏ်ကနေ ဆိုင်းငံ့ခွင့်ပေးဖို့ ဖီဖာရဲ့ မကြုံစဖူး ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရရော သမိုင်းကြောင်းအရပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားကို VAR ဗီဒီယိုအထောက်အကူပြုဒိုင်အဖွဲ့က စိစစ်ပြီးမှ ပွဲချိန်တွင်းမှာ အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုကို ဖုန်းဆက်ပြီး ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့အပြီးမှာတော့ ဇူလိုင် ၅ ရက်မှာ ပြစ်ဒဏ်ဆိုင်းငံ့ပေးဖို့ ဖီဖာက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဖီဖာကတော့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၇ ကို ကိုးကားပြီး ဒီပွဲပယ်ပြစ်ဒဏ်ကို တနှစ်စောင့်ကြည့်ကာလအဖြစ် ဆိုင်းငံ့ပေးတာလို့ အကြောင်းပြပါတယ်။
ဒီပုဒ်မဟာ ပြစ်ဒဏ်တွေကို ဆိုင်းငံ့ခွင့်ပေးထားတဲ့ ကျယ်ပြန့်တဲ့ စည်းမျဉ်းဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ တကြိမ်မှ အသုံးပြုခဲ့ဖူးခြင်း မရှိပါဘူး။
ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ကတော့ ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၆၆-၄ နဲ့ ပြိုင်ပွဲစည်းမျဉ်း ပုဒ်မ ၁၀-၅ တို့အရ အနီကတ်ပြခံရရင် နောက်ပွဲစဉ်ကို အလိုအလျောက် လွဲချော်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားကြောင်း ထောက်ပြခဲ့ပါတယ်။
အရင်က ခရစ္စတီယာနို ရော်နယ်ဒို၊ လောရင့် ကိုစီရယ်လ်နီတို့လို ကစားသမားတွေ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရခဲ့ဖူးပေမဲ့၊ အဲဒါတွေဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ကျခံခဲ့ရတဲ့ ပြစ်ဒဏ်တွေအတွက် ဖြစ်ခဲ့တာပါ။
ရော်နယ်ဒိုတုန်းက တခြား နိုင်ငံတကာ ပွဲ ၂၂၅ ပွဲ စလုံးမှာ တခါမှ အနီကတ် မပြခံခဲ့ရဖူးဘူးဆိုတဲ့ အချက်ကို ဖီဖာက ထည့်သွင်းစဉ်းစားပေးခဲ့ပေမဲ့၊ ဘာလိုဂမ် ကိစ္စမှာတော့ ဘာရှင်းလင်းချက်မှ မပေးခဲ့ပါဘူး။
ကမ္ဘာ့ဖလားသမိုင်းတလျှောက် အနီကတ်ပြခံရမှု ၁၈၉ ကြိမ်ရှိခဲ့ရာမှာ ပွဲပယ်ပြစ်ဒဏ် မခံရသူဆိုလို့ ဘာလိုဂမ် အပါအဝင် ၂ ယောက်သာ ရှိပါတယ်။
တခြားတယောက်ကတော့ ၁၉၆၂ ခုနှစ်က ဘရာဇီးကစားသမား ဂါရင်ချာ ဖြစ်ပြီး၊ ဆီမီးမှာ အထုတ်ခံရပေမဲ့ ဗိုလ်လုပွဲ ကစားခွင့်ရခဲ့ပြီး ဗိုလ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီခေတ်က အလိုအလျောက် ပွဲပယ်တဲ့ စည်းမျဉ်းမရှိသေးဘဲ ဒိုင်တွေက ပေးတဲ့ အထောက်အထားတွေကို ကြည့်ပြီးတော့ ကော်မတီက ပြစ်ဒဏ်ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ပြင်ပနိုင်ငံရေးစွက်ဖက်မှုတွေ ရှိတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။










