DVB Logo
Home
မြန်မာသတင်း
ကရင်​ပြည်​နယ်​တွင်​ ​ရေဝင်​​ရောက်​မှုကြောင့် ​ကျောင်း ၅ ​ကျောင်း ယာယီပိတ်​ (ရုပ်သံ)
DVB
·
July 21, 2017
Donate to DVB


 

ဇူလိုင် ၂၁ ရက် မနက် ၁၁ နာရီက သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက် အနည်းငယ် ကျဆင်းသွားပေမယ့် ရေဝင်ရောက်မှုတွေ ရှိနေသေးတဲ့အတွက် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ ကရင်ပြည်နယ် ပညာရေးမှူး ဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဘားအံမြို့နယ်မှာ ကျောင်း ၃ ကျောင်းနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ ကျောင်း ၂ ကျောင်း ယာယီပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဘားအံမြို့မှာ မိုးလေဝသအခြေအနေအရ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ကရင်ပြည်နယ် အနှံ့အပြား နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် တောင်ပေါ်ဒေသတွေမှာ တောင်ပြို မြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် အထူးသတိထားဖို့ လိုတယ်လို့ ဇူလိုင် ၂၀ ရက် မနက် ၁၀ နာရီက မိုးလေဝသနှင့်ဇလဗေဒ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောကြားထားပါတယ်။

“အဓိကကတော့ မိုးလေဝသနဲ့ဇလဗေဒက ထုတ်ပြန်တဲ့သတင်းတွေကို အရေးကြီးကြီ၊ မကြီးကြီး ဒါတော့ အကျင့်ဖြစ်သွားအောင် နားထောင်ပေးပါ။ နားထောင်ပေးလို့ရှိရင် ဒီသတင်းတွေပေါ် မူတည်ပြီးတော့လည်း တချို့ကောလာဟလတွေကို မယုံကြည်ဖို့၊ ရှိတဲ့ သတင်းတွေအပေါ်မှာလည်း ဒီသတင်းတွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး အသုံးပြုသွားမယ် ဆိုရင်တော့ အားလုံး ဘေးအန္တရာယ်ကင်းရှင်းသွားနိုင်ပါတယ်”လို့ ပြောပါတယ်။

အမှတ် ၂ အခြေခံပညာမူလတန်းလွန်ကျောင်း အလယ်တန်းပြဆရာမ ဒေါ်ဆွေဇင်လတ်က “ရေတက်တဲ့အချိန်ကျရင် ဆရာ ဆရာမတွေက မနက် ၈ နာရီဆို လာရတာပေါ့။ လာပြီးတော့ အဲဒီပတ်ဝန်းကျင်က ကလေးတွေ၊ လှေနဲ့ လာကြတဲ့ ကလေးတွေကို ဝိုင်းပြီးတော့ ကျောင်းပေါ် ရောက်အောင် ဝိုင်းတင်ပေးတာပေါ့။ အခက်အခဲကတော့ ရေကြီးလာပြီးဆိုရင် ၄ နှစ် တကြိမ် ကြုံနေရတာပေါ့”လို့ ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးရေးအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပြီး ဖြစ်သလို ဇူလိုင် ၂၀ ရက်နေ့က ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၂၄၀ အတွက် စားသောက်စရာတွေကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကြီး ဦးစောချစ်ခင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

သံလွင်မြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ကို ၇၅၀ စင်တီမီတာ သတ်မှတ်ထားပြီး ဒီကနေ့မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၇၄၅ စင်တီမီတာမှာ ရောက်ရှိနေပြီး မနေ့က ဇူလိုင် ၂၀ ရက်နေ့ တိုင်းထွာချက်အရ ၇၆၀ စင်တီမီတာကနေ အနည်းငယ် ကျဆင်းသွားပေမယ့် နေရာကွက်ပြီး မိုးကြီးခဲ့တဲ့အတွက် မြစ်ကမ်းအနားအနီး နေထိုင်သူတွေနဲ့ ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013