DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသူ ထက်ဝက်ကျော်ကျဆင်း
DVB
·
July 21, 2017
Donate to DVB

မြန်မာနိုင်ငံမှာ  အေအိုင်ဒီအက်စ်ရောဂါနဲ့ဆက်နွှယ်သေဆုံးသူပေါင်း ပြီးခဲ့တဲ့နှစ်က အယောက်  ၈၀၀၀ လောက်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၆ နှစ်အတွင်း သေဆုံးအရေအတွက် ထက်ဝက်ကျော် လျော့နည်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာလည်း မြန်မာပြည်မှာ မနှစ်က ခန့်မှန်းချေ အယောက် ၁၁,၀၀၀ လောက်ရှိခဲ့ပြီး  ၂၀၁၀ပြည့်နှစ်ကတည်းက ရောဂါကူးစက်ခံရသူ အသစ် ၂၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာအရ သိရပါတယ်။

သေဆုံးသူ အရေအတွက်ရော၊ ရောဂါကူးစက်ခံရသူ အရေအတွက်ပါ အခုလို ထူးထူးခြားခြား လျော့နည်းကျဆင်းသွားတာဟာ အိတ်ခ်ျအိုင်ဗွီရောဂါအပေါ် မြန်မာနိုင်ငံရဲ့ တန်ပြန်ဆောင်ရွက်မှုတွေ တိုးတက်မှုရှိတယ်ဆိုတာကို အခိုင်အမာ ပြသတဲ့ လက္ခဏာတွေ ဖြစ်တယ်လို့   UNAIDS အဖွဲ့ရဲ့ ဌာနေ ညွန်ကြားရေးမှူး အူစမာတာဝီက ပြောပါတယ်။

သိသာထင်ရှားတဲ့ ကြိုးစားအားထုတ်မှုအဖြစ် ရောဂါကူးစက်ခံနေရတဲ့ မိခင် ၈၈ ရာခိုင်နှုန်းကို  ကလေးဆီ ရောဂါ မကူးစက်အောင် တားဆီးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း ၂၀၀၆ခုနှစ်စာရင်းအရ ခန့်မှန်းချေ ၂၃၀,၀၀၀ လောက်ရှိပြီး တဝက်ကျော် အရေအတွက်ဖြစ်တဲ့  လူပေါင်း ၁၂၇, ၄၀၄ ဦးဟာ  ရောဂါတန့်ဆေး အေအာတီ ဆေးဝါးရရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူတွေထဲက အများစုဟာ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေနဲ့  အမျိုးသမီး လိင်လုပ်သားတွေ အကြားမှာ အဓိကအဖြစ်အများဆုံး ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့  လိင်တူဆက်ဆံတဲ့ အမျိုးသားတွေအကြား ၂၆ ရာခိုင်နှုန်းကျော်၊ အမျိုးသမီးလိင်လုပ်သားတွေအကြား ၂၄ ရာခိုင်နှုန်းကျော်နဲ့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူတွေကြား ၂၉ ရာခိုင်နှုန်း ရောဂါဖြစ်ပွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့   လိင်တူဆက်ဆံတဲ့ အမျိုးသားတွေအကြေား ရောဂါဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်းကျော်၊ အမျိုးသမီးလိင်လုပ်သားတွေအကြေား ၁၃ ရာခိုင်နှုန်းကျော်နဲ့ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူတွေအကြား  ၁၆ ရာခိုင်နှုန်း ရောဂါဖြစ်ပွားမှုရှိပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာတော့   မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက်ထိ ရောဂါကူးစက်ခံရပြီး ဒါဟာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အမြင့်ဆုံးနှုန်း ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ အိတ်ချိတ်အိုင်ဗွီ တားဆီးကာကွယ်ရေးအတွက် ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာ ကူညီထောက်ပံ့ငွေ အများစု ပါဝင်တဲ့  အမေရိကန် ဒေါ်လာ ၈၄ သန်းကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်လို့  ၂၀၁၆ ကနေ ၂၀၂၀ ထိ ၅နှစ်ကြာ မဟာဗျူဟာ အစီအစဉ်ချမှတ်လုပ်ကိုင်နေတယ်။

ဓာတ်ပုံ-UNAIDS

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013