DVB Logo
Home
မြန်မာသတင်း
ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူကို တပ်မတော်က မီဒီယာဥပဒေဖြင့် ထပ်မံတရားစွဲ
DVB
·
July 21, 2017
ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူကို တပ်မတော်က မီဒီယာဥပဒေဖြင့် ထပ်မံတရားစွဲ
Donate to DVB

ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူ စာရေးဆရာ ဗြိတိသျှကိုကိုမောင်နဲ့ The Voice Daily သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို မီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ တပ်မတော်က ဗဟန်းတရားရုံးမှာ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

မီဒီယာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ဆ) အရ ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာကို ထမင်ထိခိုက်စေတဲ့ အရေးအသားနဲ့ လူ့အခွင့်အရေး ထိခိုက်စေတဲ့ အရေးအသားမျိုးနဲ့ ငြိစွန်းတယ်ဆိုပြီး တပ်မတော်က တရားစွဲတာလို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။

“မေလ ၁၇ ရက် ရဲစခန်းကို တိုင်တုန်းကတည်းက ဗိုလ်မှူးကြီးလင်းထွန်းက ဗဟန်းမြို့နယ် တရားရုံးမှာလည်း ဦးတိုက်လျှောက်ထားခဲ့တာ။ လျှောက်ထားခဲ့တော့ အဲဒါကို ဇူလိုင်လ ၂၁ ရက်နေ့က ဗိုလ်မှူးကြီးလင်းထွန်းဘက်ကို အမိန့်ချပေးလိုက်တယ်။ သူ့အမှုကို လက်ခံလိုက်ပြီးတော့မှ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ ဆရာ ဗြိတိသျှကိုကိုမောင်ရော၊ ဆရာဦးကျော်မင်းဆွေရောကို အမှုလက်ခံပေးလိုက်တာပေါ့။ လက်ခံပေးလိုက်ပြီး ဒီနေ့က ဗြိတိသျှကိုကိုမောင်ရော၊ ဆရာ ဦးကျော်မင်းဆွေတို့ကို တရားရုံးက တရားဝင် အသိပေးပြီးတော့ အမှု စတင်စွဲတာပေါ့။”

ဒီအမှုဟာ အာမခံပေးနိုင်တဲ့အမှု ဖြစ်တဲ့အတွက် ကျပ် ၁၀ သိန်းတန် ခံဝန်သူ ၂ ဦးနဲ့ ခံဝန်ချုပ်ဆိုပြီး အာမခံရရှိထားတယ်လို့လည်း ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရုံးချိန်းကို လာမယ့် ဇူလိုင် ၂၈ ရက်နေ့ ချိန်းဆိုထားတယ်လို့လည်း ပြောပါတယ်။

ဒီလို သတင်းမီဒီယာပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့အပေါ် စာရေးဆရာ ဗြိတိသျှကိုကိုမောင်က “အစကတည်းက မီဒီယာသမားတွေ၊ စာရေးဆရာတွေအတွက်ကို မီဒီယာကောင်စီ ဥပဒေဆိုတာ ရှိတယ်လေ။ အခု ၂၅(ခ) ကလည်း မီဒီယာဆိုင်ရာဥပဒေ ဖြစ်တဲ့အတွက် အဲဒါနဲ့ စွဲတဲ့အတွက်ကို ကျနော် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ၆၆(ဃ) လိုမျိုး ဒီမိုကရက်တစ်မဆန်တဲ့ ပုဒ်မမျိုးတွေနဲ့ မီဒီယာသမားတွေ၊ စာရေးဆရာတွေကို ဆက်ပြီးတော့ အဲလို စွဲဆိုနေမယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်ရဲ့ မျက်စိ၊ နားတွေ၊ လူထုနဲ့အစိုးရကြားမှာ မျက်စိဖွင့်၊ နားဖွင့်ပေးတာတွေ၊ တပ်မတော်ကြားမှာ သတင်းတွေ ဖလှယ်ပေးနိုင်တဲ့၊ ရသတွေပေးနိုင်တဲ့သူတွေရဲ့ ရပ်တည်ချက်တွေ တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားမယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်အတွက်တော့ အကျိုးမရှိဘူးလို့ ကျနော်က ယူဆပါတယ်။ အဲဒါကြောင့်မို့ ကျနော်ကတော့ အဓိက ဒီမိုကရက်တစ်မဆန်တဲ့ ပုဒ်မမျိုးတွေ မသုံးစေချင်တာပါ။  မီဒီယာသမားကို မကျေနပ်ဘူး ဆိုလို့ရှိရင်လည်း မီဒီယာပုဒ်မနဲ့ စွဲတဲ့အတွက် ကျနော်က ဘာမှ ပြောဖို့မရှိပါဘူး” လို့ ပြောပါတယ်။

တပ်မတော်နေ့အထိမ်းအမှတ် ထုတ်လွှင့်ခဲ့တဲ့ ပြည်ထောင်စုသစ္စာဇာတ်ကားနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာမှာ စာရေးဆရာ ဗြိတိသျှကိုကိုမောင်က ‘ကျည်ထောင်စုသစ္စာ’ ဆိုပြီး သရော်စာရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီသရော်စာဖော်ပြမှုနဲ့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးသူကို တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုပြီး ဗဟန်းရဲစခန်းက ဇွန်လ ၂ ရက်က ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်မှာတော့ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်ကို စွဲဆိုထားတဲ့ပုဒ်မနဲ့ မသက်ဆိုင်တာကြောင့် တရားသူကြီးက အမှုကနေ ပလပ် ပယ်ဖျက်ပေးခဲ့တဲ့အတွက် တရားသေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ အမှု ဆက်ရင်ဆိုင်နေရပြီး အာမခံ အကြိမ်ကြိမ်လျှောက်ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

မီဒီယာဥပဒေပုဒ်မ ၂၅(ခ) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ကျပ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ခုလို မီဒီယာသမားကို မီဒီယာဥပဒေနဲ့ တရားစွဲဆိုတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013