ရေကြီးမှုကြောင့် လယ်မြေများ မပျက်စီးစေရေး ပြင်ဆင်နေဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းဒေသကြီးအတွင်းက နှစ်စဉ်ရေကြီးရေလျှံမှုတွေကြောင့် လယ်မြေတွေ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပေါ်ဖို့အတွက် မြစ်ချောင်းတွေ ရေစီးရေလာကောင်းမွန်အောင် တိုင်းဒေသကြီးအစိုးရက ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၀ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဒုသမ္မတ-၁ ဦးမြင့်ဆွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်တာပါ။
ရန်ကုန်မြို့တွင်း မြို့ပြင်ရေကြီးရေလျှံပြဿနာဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဖြေရှင်းရခက်တဲ့ ပြဿနာဖြစ်ပြီး ဒီကိစ္စကိုဖြေရှင်းဖို့ ငွေကြေးအမြောက်အမြား သုံးစွဲရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ဒုသမ္မတ-၁ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံရာမှာ ရေကြီးရေလျှံမှုပြဿနာ၊ လယ်ယာမြေသိမ်း ဆည်းခံရမှုပြဿနာနဲ့ ကျူးကျော်နေထိုင်သူတွေ ရှင်းလင်းရေးပြဿနာတွေကို အဓိကထားဆွေးနွေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေ လိုအပ်တဲ့အကူအညီတွေကို အစိုးရက ဖြည့်ဆည်းပေးသွားမယ်လို့ ဒုသမ္မတ-၁ ဦးမြင့်ဆွေက ပြောဆိုခဲ့ပါတယ်။
Photo : Myanmar President Office











