
ပြီးခဲ့တဲ့ သတင်းပတ်က ကျနော်တို့သတင်းခန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူဖို့ တပ်မတော်က တိုင်ကြားလိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ပါ။ သတင်းထောက်တွေ တယောက်တပေါက် ထင်မြင်ချက်တွေပေးရင်း အသံတွေ ကျယ်လောင်ခဲ့ပါတယ်။
ဇူလိုင်လ ၉ ရက် တနင်္ဂနွေနေ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အလုပ်ရုံဆွေးနွေးပွဲ (Civil Society and Media Project, Former Political Prisoners Fellowship 2017 Introduction and Orientation Workshop) မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။
သူ ဘာတွေ ပြောခဲ့မိလို့ပါလဲ။
“ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ကာလပဲ ရှိပါသေးတယ်။ အရပ်သားအုပ်ချုပ်ရေး တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။ အရပ်သားအုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူး Level ပဲ ဖြစ်ပါတယ်”
အဲဒီလို ပြောခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရက လိုအပ်သလို စိစစ် အရေးယူပေးနိုင်ဖို့ တပ်မတော်က တင်ပြထားတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီအခါမှာတော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တပ်မတော်ဟာ ဆတ်ဆတ်ထိမခံ ဖြစ်နေတယ်ဆိုတဲ့ မှတ်ချက်တွေ၊ တပ်မတော်ကို ခပ်ထေ့ထေ့ ရေးဆွဲထားတဲ့ ကာတွန်းတွေ တခုပြီးတခု တက်လာနေပါတယ်။ အချို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေကတော့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေရဲ့ ပြောဆို သုံးနှုန်းမှုတွေအပေါ် တပ်မတော်ဘက်က အကဲဆတ်နေမယ်ဆိုရင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပိုဝေးသွားစေလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း အန်အယ်လ်ဒီပါတီပြောခွင့်ရ ဦးဝင်းထိန်က အန်အယ်လ်ဒီပါတီနဲ့ဆိုင်တဲ့ သတင်းမှားတွေ ဖြန့်နေသူတွေထဲမှာ “အချို့ တပ်မတော် အဖွဲ့အစည်းတွေပဲ လုပ်နေသလား” ဆိုပြီး မှတ်ချက်ပေးခဲ့တဲ့ ကိစ္စအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တယ် မဟုတ်လား။
မကြာခင်ကာလကလည်း တပ်မတော်က Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ၆၆(ဃ) နဲ့ တရားစွဲခဲ့ပါတယ်။ ကျည်ထောင်စုသစ္စာ သရော်စာ ဆောင်းပါးကို အကြောင်းပြုပြီး Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေဟာ တရားစွဲခံခဲ့ရတာကြောင့် မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းရှိ သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေ စိုးရိမ်တုန်လှုပ်ခဲ့ရပါတယ်။
အဲဒီလိုပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် TNLA (တအာင်းလွတ်မြောက်ရေး တပ်မတော်) ရဲ့ ဘိန်းဖျက်ဆီးတဲ့ အခမ်းအနားတခုကို သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီသတင်းထောက် ကိုသိန်းဇော်ကို သူပုန်ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ တပ်မတော်က ဖမ်းဆီး အရေးယူလိုက်တာကြောင့် သတင်းလွတ်လပ်ခွင့်ကို တပ်မတော်က ခြိမ်းခြောက်နေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေရှုထောင့်က ကြည့်ပြီး အခုလို ပြောပါတယ်။
“အခုကိစ္စမှာ သတင်းထောက် ၃ ဦးနဲ့ တပ်မတော်အကြားဖြစ်တဲ့ကိစ္စ ဆိုတာမျိုး ဘောင်ကျဉ်းကျဉ်းနဲ့ ကြည့်လို့မရပါဘူး။ လက်ရှိတည်ဆဲဥပဒေတွေဟာ ကျမတို့လိုလားတဲ့ တရားမျှတမှု၊ ဒီမိုကရေစီနည်းကျမှု ဆိုတာတွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ကြည့်ရပါမယ်။ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူး၊ ဒီမိုကရေစီနည်းမကျဘူးဆိုရင် ဒါကို လွှတ်တော်ကနေတဆင့် တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုပြင်ရေးဆွဲသွားရမှာ ဖြစ်ပါတယ်။ တရားခွင်မှာ သမာသမတ်ကျတဲ့ ဥပဒေတွေဖြစ်အောင် ကျမတို့ လုပ်ဆောင်ကြရပါမယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အများစုက လူမှုကွန်ရက်တွေ၊ စကားဝိုင်းတွေ၊ သတင်းဆောင်းပါးတွေနဲ့ တက်တက်ကြွကြွ အားတက်တရော ထောက်ခံကြပါတယ်။
အခုတခါမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တပ်မတော်၊ တနည်းပြောရရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တဦးနဲ့ တပ်မတော်။
တပ်မတော်နဲ့ အစိုးရကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်စေခဲ့သလို လူမှုကွန်ရက်ပေါ်မှာ ဦးဖြိုးမင်းသိန်းကို ထောက်ခံတဲ့ မှတ်ချက်တွေ ရေးသားသူ များပြားလာတာကို တွေ့ရပါတယ်။
သတင်းတွေဖတ်ရင်း ကျနော့်စိတ်တွေ ရှုပ်ထွေးလာတာနဲ့ ဗိုလ်ချုပ်ဈေး ပန်းချီဆိုင်မှာ ပြသနေတဲ့ တမာရနံ့ ပန်းချီပြပွဲကို စိတ်ပြေလက်ပျောက် ထွက်လာခဲ့ပါတယ်။
ပခုက္ကူမြို့က ပန်းချီဆရာတွေ စုပေါင်းပြသတဲ့ပွဲပါ။ စိတ်သက်သာရာကို ရှာရင်း၊ ရုပ်သံမှတ်တမ်းလည်း ရိုက်ရင်း၊ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စကားပြောမယ် စိတ်ကူးရင်း ထွက်ခဲ့တာပါ။
မိုးကလည်း သည်းသည်း။ တခါတခါ လေကလည်း ဝဲဝဲ။ မှိုင်းဝေတဲ့ အရောင်တွေကြားမှာ ပိတ်ဆို့နေတဲ့ ကားတွေ၊ တိုးဝှေ့နေတဲ့ လူအုပ်တွေကို ဖြတ်ကျော်ရင်း ဗိုလ်ချုပ်ဈေး ပန်းချီဆိုင်ခန်းကို ရောက်ခဲ့ပါတယ်။ ကျနော့်မျက်နှာပေါ်မှာ ရွှဲရွှဲစိုနေတာတွေက မိုးရေစက်တွေလား၊ ချွေသီးချွေးပေါက်တွေလား မသိပါ။
ပန်းချီကျော်ဖြူစံ၊ ပန်းချီကျော်သောင်း၊ စာရေးဆရာ ကြည်ဝင်းတို့နဲ့ စကားတွေပြောရင်း ပန်းချီကားတွေကို လှည့်ပတ်ကြည့်ပါတယ်။ အညာရနံ့၊ တမာရနံ့ တသင်းသင်း အရောင်တွေကလည်း အညာနွေနဲ့ အညာလေကို ရေးဖွဲ့ထားတာကြောင့် ရင်ထဲ နွေးနွေးထွေးထွေး ဖြစ်လာပါတယ်။
ဒါပေမယ့် မကြာပါဘူး။ ပန်းချီပြခန်းထောင့်က ပန်းချီကားလေးတချပ်က ကျနော့်ရင်ထဲ ခုန်ဝင်လာပါတယ်။ ခြေထောက်နှစ်ဘက် ပြတ်နေတဲ့ မိန်းမငယ်လေးတယောက်၊ သူ့ဘေးမှာ ကျိုးနေတဲ့ သေနတ်တလက်၊ ကြွေနေတဲ့ ပန်းတပွင့်၊ သူ့နောက်က အုတ်နံရံအပျက်ပေါ်မှာ မပီမပြင် ရေးထားတဲ့ မြန်မာနဲ့ အင်္ဂလိပ်အက္ခရာတွေနဲ့ တိုက်ပွဲတခုရဲ့ မြင်ကွင်းတခု။ မိန်းကလေးငယ်လေးကတော့ ပြတ်နေတဲ့ ခြေထောက်ကလေးတွေကို မြေပြင်ပေါ်မှာ စိတ်ကူးနဲ့ ပြန်လည်ပုံဖော်ကြည့်နေတဲ့ မြင်ကွင်းကလေးပါ။ သူ့ရှေ့မှာ စစ်ပွဲတွေရပ် ဆိုတဲ့ စာတန်းကလေး။
သေနတ်သံတွေ၊ ငိုကြွေးသံတွေက မိုးသံလေသံတွေကို ကျော်လွှားပြီး ပန်းချီပြခန်းကလေးထဲကို ဝင်လာပါတယ်။
အလင်းနဲ့ အမှောင်၊ အနုနဲ့ အရင့်၊ အပျော့နဲ့ အမာ၊ အဖြူနဲ့ အမည်း ဆန့်ကျင်ဘက်တွေကို သူ့နေရာနဲ့သူ စနစ်တကျ ဖွဲ့စည်းကာ ပန်းချီကားလှလှကလေးတွေ ဖန်တီးနိုင်ကြသလို ကျနော်တို့ မွေးရပ်မြေမှာ ဆန့်ကျင်ဘက်တွေကို သူ့နေရာနဲ့သူ စနစ်တကျ ဖွဲ့စည်းရင်း အိပ်မက်လှလှကလေးတွေ ဘယ်တော့များ မက်ခွင့်ရပါ့မလဲ။
အပြန်လမ်းမှာတော့ မိုးတွေက မည်းမည်းမှောင်လို့။ ကျနော့်မျက်နှာပေါ်မှာ စိုစွတ်နေတာ မိုးရေစက်တွေလား၊ ချွေးစက်တွေလား၊ မျက်ရည်စက်တွေလား။ မြင်ကွင်းတွေက မှိုင်းလို့ ဝေလို့။
သားကြီးမောင်ဇေယျ










