DVB Logo
Home
မြန်မာသတင်း
ဒုံသမိချောင်းရေ မြင့်တက်လာသဖြင့် လူဦးရေ ၁၀၀ ကျော် ရေဘေးလွတ်ရာ ပြောင်းရွှေ့
DVB
·
July 21, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဒုံသမိချောင်းရေဟာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြင့်တက်လာကာ ဇူလိုင် ၂၀ ရက်နေ့မှာ ချောင်းအနီး ဒူးရင်ဆိပ်ကျေးရွာ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်လာလို့ လူဦးရေ ၁၀၀ ကျော် ရေဘေးလွတ်ရာ စတင်ရွှေ့ပြောင်းနေရပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒူးရင်ဆိပ်ကျေးရွာရှိ အမှတ် ၆ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်ရှိ အနိမ့်ပိုင်းတွေမှာ ချောင်းရေဝင်လာလို့ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ စတင်ရွှေ့ပြောင်းပေးနေတယ်လို့ ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ပြောပါတယ်။

"မိုးကတော့ ၁၈ ရက်နေ့ကတည်းက အဆက်မပြတ်ရွာနေလို့ အိမ်ထောင်စုတချို့ကတော့ ရေဘေးကြိုရှောင်တဲ့သဘောနဲ့ ပြောင်းရွှေ့လာကြပါတယ်။ ၂၀ ရက်နေ့ထိဆိုရင် အိမ်ထောင်စု ၃၁ စုရှိပါပြီ။ မိုးဆက်တိုက်ထပ်ရွာရင်တော့ ဆက်ပြီးပြောင်းရွှေ့မယ့် လူတွေ ရှိလာနိုင်သေးတယ်။ ဒီနေရာက နှစ်တိုင်း ရေကြီးနေကျပါ။ ခုလောလောဆယ်တော့ အလှူရှင်တချို့က ရွှေ့ပြောင်းလာသူတွေအတွက် လာရောက်ထောက်ပံ့ပေးတာတွေ လုပ်နေပါတယ်။ ကျန်းမာရေးအတွက်ကတော့ ဆေးပေးခန်းတခု ထားရှိပေးထားပါတယ်။''

ဒုံသမိချောင်းရဲ့ စိုးရိမ်ရေမှတ်မှာ ၁၄ ပေကျော်ရှိပြီး ဇူလိုင် ၂၀ ရက်နေ့မှာ နဂိုရှိရင်းစွဲရေထက် ၆ ပေကျော် မြင့်တက်လာကာ စိုးရိမ်ရေမှတ်ထိရောက်ဖို့ ၈ ပေကျော် ကျန်ရှိနေသေးပေမယ့် ဒူးရင်းဆိပ်ကျေးရွာနေ ပြည်သူအချို့ကို ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျမတို့ဆီမှာက ရေက နှစ်တိုင်းကြီးနေကျပါ။ ဒီနှစ်တော့ နည်းနည်းစောတယ်။ ကျမတို့က ရွာရဲ့အနိမ့်ပိုင်းမှာနေတော့ ရေတက်တာနဲ့ အိမ်မြုပ်မတတ်ဘဲ။ ကလေးတွေကလည်း ငယ်တော့ ကြိုတင်ပြောင်းရွှေ့နေကြတာပါ။ ဒီမှာတော့ နေရတာ အဆင်ပြေပါတယ်။ အလှူရှင်တွေကလည်း လာပြီးထာက်ပံ့ပေးတာတွေ ရှိနေပါတယ်။ အများနဲ့နေရတာဆိုတော့ ကိုယ့်အိမ်လိုတော့ မဟုတ်ဘူးပေါ့။”

ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာနေ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၄၅ ဦးမှာ ကျေးရွာအနီးရှိ တပ်ဦးဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာ ရွာလယ်ဇရပ်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013