
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စစ်ကဲပြင် လုံခြုံရေးစခန်းမှာ တာဝန်ကျနေတဲ့ အမှတ်၁၂ လုံခြုံရေးတပ်ဖွဲ့ခွဲက ဒုရဲအုပ်ဇာဇာမင်းက ရဲတပ်ကြပ်စန်းစန်းလင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့မှု ဇူလိုင် ၁၉ ရက် ညနေမှာ ဖြစ်ပွားခဲ့တယ်လို့ ပေါက်တောရဲစခန်းက စုံစမ်းသိရပါတယ်။
စစ်ကဲပြင် လုံခြုံရေးစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်ဇာဇာမင်းနဲ့ တပ်ဖွဲ့ဝင် ၂ ဦး တို့ဟာ စစ်ကဲပြင်ရွာ၊ ဆင်အိုင်ရွာနဲ့ ပိန္နဲချောင်းရွာတွေမှာ လုံခြုံရေးတာဝန် ဆောင်ရွက်ပြီး အပြန် ညနေ ၄ နာရီခွဲ အချိန်၊ ပိန္နဲချောင်းရွာအနီး တောင်ကျော်လမ်းမှာ ဒုရဲအုပ်ဇာဇာမင်းနဲ့ ရဲတပ်ကြပ် စန်းစန်းလင်းတို့ စကားများကြပြီး သေနတ်နဲ့ ၁ ချက် ပစ်လိုက်တဲ့အတွက် ရဲတပ်ကြပ်စန်းစန်းလင်း ရဲ့ ဝမ်းဗိုက်ချက်အထက်မှာ ဖောက်ဝင် ဒဏ်ရာရရှိခဲ့တာပါ။
ပေါက်တောမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ”ဒဏ်ရာရတဲ့သူကို စစ်တွေဆေးရုံပို့ထား တယ်လို့ သိရပါတယ်။ ပေါက်တောနဲ့ဝေးပြီး ရဲတပ်ရင်းက ဖြစ်တဲ့အမှုဆိုတော့ အသေးစိတ်ကို မသိရသေးပါဘူး”လို့ ပြောပါတယ်။
ဒါဏ်ရာရတဲ့သူကို ညနေ ၆ နာရီမှာ စစ်တွေဆေးရုံကြီးမှာ ကုသဖို့ ပို့ဆောင်ထားရပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်











