DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားပါတီ ဗဟိုထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ပါတီဝင်အဖြစ်မှရပ်စဲ
DVB
·
July 20, 2017
Donate to DVB

မွန်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင်၂ဦးနဲ့ ဗဟိုကော်မတီဝင် ၄ ဦး တို့ကို ဇူလိုင်လ ၁၉ ရက်နေ့က ပါတီဗဟိုဆုံးဖြတ်ချက်နဲ့  ပါတီဝင်အဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။

မွန်အမျိုးသားပါတီရဲ့ ရေးမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ပါတီဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်တဲ့ဒေါက်တာ မင်းစိုးလင်း၊ ဗဟိုအလုပ်အမှုဆောင် နိုင်သောင်းရှိန်နဲ့  ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ နိုင် M ချမ်းမွန်၊ မင်းဝင်းတင်၊ နိုင်ငွေနဲ့ မိမိုးမိုးအေးတို့ကို ပါတီဝင်အဖြစ်ကနေ ရပ်စဲလိုက်တာပါ။

မွန်အမျိုးသားပါတီ၏ တွဲဖက်အတွင်းရေးမှူး နိုင်စိုးမြင့်က “ဒီကိစ္စကို ဗဟိုကော်မတီမှာ တိုင်ပင်ဆွေးနွေးကြတယ်။ တနှစ်ကာလအတွင်း ပါတီမှာ အစည်းအဝေး တက်တာတို့၊ ဆွေးနွေးတာတို့မှာ မလာကြဘူးလေ။ တနှစ်ပြည့်သွားလို့ နောက်ထပ် ရက် ၆၀ အချိန်ပေးပြီး ပါတီက ဖိတ်ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ကျနော်တို့ပါတီက နောက်ဆုံးအနေနဲ့ သူတို့ကို ခွင့်ပြုလိုက်ရတယ်”လို့ ပြောပါတယ်။

မွန်အမျိုးသားပါတီအနေနဲ့ မွန်အမျိုးသားရေးနဲ့ ပြည်ထောင်စုရဲ့အကျိုးကို ပါတီမူဝါဒနဲ့အညီ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒေါက်တာမင်းစိုးလင်းကတော့  မွန်ပါတီ ၃ ပါတီ ပေါင်းစည်းရေး၊ မွန်တပါတီတည်း ဖြစ်ရေးကို အစဉ်တစိုက် ဆောင်ရွက်နေတာကြောင့် မိမိကို ထုတ်ပယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပါတီက မရပ်ဆိုင်းခင်ကတည်းက မွန်ပါတီတွေ အကွဲကွဲအပြားပြား ဖြစ်နေတာတွေကို ကျနော်က မွန်ပါတီ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းတွေ လုပ်တယ်။ အဲဒီလိုလုပ်တဲ့အတွက် ပြစ်မှုတခုလို့ သူတို့က သတ်မှတ်ပြီးတော့ ကျနော့်ကို တာဝန်ကနေ ရပ်စဲတယ်လို့ ကျနော် ထင်ပါတယ်။ မွန်ပါတီတွေ ပေါင်းစည်းညီညွတ်မှ မွန်အမျိုးသားကို ကိုယ်စားပြုတဲ့ တခုတည်းသော  ပင်တိုင်ပါတီ ဖြစ်လာမှာပါ။ အဲဒီလိုလုပ်ရင် သူတို့ မကြိုက်ဘူး။”

ပါတီကရပ်စဲခံရပေမယ့် မွန်ပါတီ ပေါင်းစည်းရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဒေါက်တာမင်းစိုးလင်းက ဆက်လက်ပြောကြားပါတယ်။

“ကျနော့်ကို ပါတီကနေ ကင်းကွာတယ် ပြောတယ်။ ပါတီနဲ့ ကင်းကွာတဲ့ သတ်မှတ်တဲ့ကာလ ရှိရမယ်လေ။ ၁၅ ရက်နေ့ကလည်း အစည်းအဝေးခေါ်တယ်။ ကျနော်လည်း စီအီးစီ တယောက်ပဲ။ ဖိတ်စာလည်း မရောက်ဘူး။ မျက်ကွယ်မှာ ပါတီရဲ့ ကင်းကွာတဲ့ကာလကို ဘယ်လ၊ ဘယ်ရက်၊ ဘယ်နှစ်ဆိုပြီး အလိုအလျောက် ရပ်စဲတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ သတ်မှတ်ထားတာ မရှိဘူး။ ကျနော့်မျက်ကွယ်မှာ သူတို့ ဘယ်လို သတ်မှတ်လိုက်လဲတော့ မသိဘူး။ ထုတ်တာကတော့ ထုတ်ပေါ့လေ။”

ဒေါက်တာမင်းစိုးလင်းဟာ ၁၉၈၉ ခုနှစ်မှာ တည်ထောင်တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၂ ခုနှစ်မှာ တည်ထောင်တဲ့ မွန်ဒီမိုကရေစီပါတီမှာ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်တာဝန်အပြင် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တာဝန်ကိုပါ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ဗဟိုအလုပ်အမှုဆောင် နိုင်မွန်ရာဇာနဲ့  ပါတီဝင် နိုင်ဖေသန်းတို့ကို ပါတီစည်းကမ်းချိုးဖောက်တယ်ဆိုပြီး  မွန်အမျိုးသားပါတီက ထုတ်ပယ်ခဲ့ဖူးပါတယ်။

မွန်အမျိုးသားပါတီကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၁ ဦးနဲ့ ဗဟိုကော်မတီဝင် ၉၁ ဦးနဲ့ ဖွဲ့စည်းခဲ့ပေမယ့်  လက်ရှိမှာတော့  ဗဟိုအလုပ်အမှုဆောင် ၂၇ ဦးနဲ့ ဗဟိုကော်မတီဝင် ၇၈ ဦးသာ ကျန်ရှိတော့ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013