
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇူလိုင် ၁၇ ရက် ညပိုင်းက လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ချောင်းကြည့်သူကို အုတ်ခဲနဲ့ ထုရိုက်သတ်မှုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ရပ်ကွက် ၃ နေသူ အသက် ၂၈ နှစ်အရွယ် နေဝူဟာရ်အူနန်ရဲ့ နေအိမ်မှာ လင်မယားချင်း စကားများနေစဉ် လာရောက်ချောင်းကြည့်သူ တရွာတည်းနေ မာမတ်ဖိုင်ဆဲလ်ရဲ့ ဝဲရင်ဘတ်ကို အုတ်ခဲနဲ့ ထုရိုက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာပါ။
လာရောက်ချောင်းကြည့်သူ မာမတ်ဖိုင်ဆဲလ် (၁၈ နှစ်)ကို နေဝူဟာရ်အူနန် မှ အုတ်ခဲနဲ့ ဝဲရင်ဘက်ကို ထုရိုက်ခဲ့ရာ ဖူးရောင် ညိုမဲဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာ နေရာမှာ သေဆုံးသွားခဲ့ တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံ နေဝူဟာရ်အူနန်ကတော့ ထွက်ပြေးလွတ်မြောက်နေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့သိပါတယ်။











