DVB Logo
Home
Lead Story
ဘရာဇီးသမ္မတ လာဘ်စားမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတဲ့အဖြစ်နဲ့…
DVB
·
July 20, 2017
ဘရာဇီးသမ္မတ လာဘ်စားမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတဲ့အဖြစ်နဲ့…
Donate to DVB

ဘရာဇီးသမ္မတဟောင်း လူးဝိဇ် အင်နားဆီယို လူလာ ဒါ ဆီလ်ဗာကတော့ ဗုဒ္ဓဟူးနေ့က လာဘ်စားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်နီးပါး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီလို ပြစ်ဒဏ်စီရင်ခံလိုက်ရတာဟာ သူ့အတွက်တော့ မျှော်လင့်မထားတဲ့ အလဲထိုးခံရမှုလို့ ပြောရမှာပါပဲ။ ဘာလို့ဆိုတော့ သူဟာ လာမယ့်နှစ် ဘရာဇီးလ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထိပ်တန်းကပြေးနေတဲ့ ပြိုင်ဘက်တယောက် ဖြစ်နေလို့ပါပဲ။ သမဂ္ဂခေါင်းဆောင်ဟောင်း တယောက်လည်းဖြစ်တဲ့ သမ္မတဟောင်းဟာ ဘရာဇီးနိုင်ငံမှာ စူးစူးနစ်နစ်ဖြစ်နေတဲ့ မညီမျှမှုတွေကို လျှော့ချဖို့ ချမှတ်ခဲ့တဲ့ မူဝါဒတွေအတွက် ကမ္ဘာတဝှမ်းက ချီးကျူးမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကစပြီး ဘရာဇီးနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် တရစပ်လုပ်လာခဲ့တဲ့ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒါဟာ အမြင့်ဆုံးအဆင့်မှာရှိနေတဲ့ သူတွေကို ပြစ်ဒဏ်ပေးမှုမှာ သမ္မတဟောင်းပါ ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရနဲ့ စီးပွားရေးနယ်ပယ်တွေက ထိပ်ပိုင်းတွေရဲ့ ခြစားလောက်ကိုက်မှုတွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

တရားသူကြီး ဆာဂျီယို မိုရိုက အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း လူလာဟာ အင်ဂျင်နီယာရင်းကုမ္ပဏီတခုဖြစ်တဲ့ OAS SA ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း နဲ့ ညီမျှတဲ့ ဘရာဇီးငွေကို လာဘ်ငွေအဖြစ် လက်ခံရယူခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီငွေတွေဟာ နိုင်ငံပိုင် ပက်ထရိုလီယို ဘရာဇီလေရိုယို နိုင်ငံပိုင်ရေနံကုမ္ပဏီနဲ့ ယှဉ်ပြိုင်ပြီး လုပ်ငန်းသဘောတူညီချက် ရယူရာမှာ အောင်မြင်အနိုင်ရဖို့ လုပ်ပေးခဲ့တဲ့အတွက် လူလာရဲ့ ပင်လယ်ကမ်းခြေတိုက်ခန်းကို ပြန်လည်ပြင်ဆင်မွမ်းမံရာမှာ OAS SA ကုမ္ပဏီက သုံးစွဲခဲ့တဲ့ငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအမှု ပေါ်ပေါက်သွားခဲ့တဲ့အတွက် ဘရာဇီးနိုင်ငံကို ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့တဲ့ ပထမဆုံး အလုပ်သမားလူတန်းစားက တက်လာတဲ့ သမ္မတ လူလာကို ကာလရှည်ကြာ လာဘ်ပေးလာဘ်ယူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အခါပေး ကြိုးကိုင်ခဲ့မှုအတွက် တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတ လူလာရဲ့ ဥပဒေအကျိုးဆောင်တွေကတော့ အီးမေးလ်ဖော်ပြချက်တခုမှာ သူဟာ အပြစ်မရှိတဲ့အကြောင်းနဲ့ အယူခံတင်သွင်းမယ့်အကြောင်း ရေးသားထားတာ တွေ့ရပါတယ်။

သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက “၃ နှစ်ကျော်ကျော်လောက်အတွင်းမှာ လူလာဟာ နိုင်ငံရေးအရ စေ့ဆော်တဲ့ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အပြစ်ရှိတယ်လို့ ယုံကြည်လောက်စရာ ဘာအထောက်အထားမှ မရှိပါဘူး။ ဒါ့အပြင် သူ့မှာ အပြစ်မရှိကြောင်း သက်သေပြထားတာတွေကို ခပ်ပြောင်ပြောင်ပဲ လျစ်လျူရှုတာကို ခံခဲ့ရပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။

လူလာရဲ့ရှေ့နေ အရစ္စတီယာနိုမာတင်ကတော့ တရားသူကြီး မိုရိုကို သူ့အမှုသည် သမ္မတဟောင်းအပေါ်မှာ ဘက်လိုက်စီရင် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အထပ်ထပ် စွပ်စွဲပြောဆိုခဲ့ပါတယ်။

တရားသူကြီး မိုရိုကတော့ "အဲဒီပြစ်ဒဏ်စီရင်ချက်မှာ ပုဂ္ဂိုလ်ရေးအရ ကျေနပ်ဖို့ လုပ်ခဲ့တာမဟုတ်ပါဘူး။ တကယ့်ကို အဲဒါနဲ့ဆန့်ကျင်ဘက်ပါပဲ” လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

“နိုင်ငံရဲ့ သမ္မတ တယောက်ဟာ ရာဇဝတ်ကြောင်းအရ အပြစ်ရှိသွားတယ် ဆိုတာကတော့ ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် လူတယောက်ဟာ ဘယ်လောက်ပဲ အရေးပါပါစေ၊ ဥပဒေရဲ့ အထက်မှာတော့ ဘယ်သူမှ မရှိပါဘူး” လို့လည်း သူက ပြောခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဟောင်း လူလာဟာ အနည်းဆုံး ၈ လလောက်ကြာမယ့် တရားစီရင်မှုကို စောင့်နေရတဲ့ ကာလအတွင်း သူ့ကို အပြစ်ရှိတယ်ဆိုတဲ့ အချက်ကို အယူခံတရားရုံးက လက်ခံထားတဲ့အချိန်မှာ နိုင်ငံရေးတာဝန်ထမ်းဆောင်မှုကို ပိတ်ပင်တားဆီးခံထားရမှာ ဖြစ်ပါတယ်။

ထိပ်တန်းတက္ကသိုလ်တခုရဲ့ ဂျက်တူလီယို ဗားဂတ်စ် ဖောင်ဒေးရှင်းက နိုင်ငံရေးသိပ္ပံပညာရှင် ကလော်ဒီယို ခူတိုကတော့ “လူလာ မရှိတာဟာ နိုင်ငံရေးအခင်းအကျင်းမှာ ဟာကွက်တခု ဖြစ်သွားတာပါပဲ။ အဲဒီဟာကွက်က ကြီးမားတဲ့ အာဏာကွက်လပ်တခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားတာပေါ့ဗျာ။ အခုဆို ကျနော်တို့ဟာ မနှစ်ကနေထိုင်ခဲ့ရတဲ့ ဝရုန်းသုန်းကား အခြေအနေကို လွန်မြောက်ခဲ့ပြီးတာတောင်မှ အလွန့်အလွန်တင်းမာတဲ့ နိုင်ငံရေးတင်းမာမှု အခြေအနေတခုထဲကို ဝင်ရောက်လာခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီလို ဝေဖန်ပြောဆိုမှုတွေ ဖြစ်လာရအောင်ကလည်း သမ္မတဟောင်း လူလာရဲ့ သမ္မတသက်တမ်း ၂ ဆက်အတွင်းမှာ လူသုံးကုန်ပစ္စည်းတွေ အလျှံပယ် အရောင်းအဝယ်  ဖြစ်ခဲ့ပြီး ဘရာဇီးကို ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်သွားစေခဲ့ပြီး တခြားဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေနဲ့ တတန်းတည်း သတ်မှတ်ခံခဲ့ရသလို နိုင်ငံရဲ့ပုံရိပ်ကိုလည်း ကမ္ဘာ့အဆင့်မီ အခြေအနေကို ရောက်အောင် လုပ်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားကဆို ဘရာဇီးသမ္မတ လူလာကို  ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နိုင်ငံရေးသမားတယောက်လို့ နာမည်တပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ရွေးချယ်ပြီး သမ္မတရာထူး ရအောင်လုပ်ပေးခဲ့တဲ့ ဒီလ်မာ ရူးဆက်ဖ်  လက်ထက်မှာတော့ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးဟာ အခုမှတ်တမ်းအရ အဆိုးဝါးဆုံး ယုတ်လျော့ရာကနေ ခုမှစပြီး ထွက်ပြူလာကာစ အခြေအနေလို့ ပြောရအောင်ကို ဆိုးဝါးသွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီ သမ္မတ ရူးဆက်လည်း ပြီးခဲ့တဲ့နှစ်က ဘဏ္ဍာရေးစည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်မှုနဲ့ အရေးယူတာကို ခံခဲ့ရပါတယ်။

သမ္မတဟောင်း လူလာကတော့ သူ့ရဲ့ တရားခွင်စစ်ဆေးမှုအတွင်း ၅ နာရီကြာ သူ့မှာ အပြစ်မရှိတဲ့အကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းဆန် ခုခံချေပခဲ့ပြီး သူ့ကို အဲဒါဟာ နိုင်ငံရေးလုပ်ရပ်သာဖြစ်ပြီး သူ့ကို တရားရုံးရောက်အောင်ပို့ခဲ့တဲ့ ပြည်သူ့ဘဏ္ဍာငွေ ခိုးယူခဲ့တယ်ဆိုတာ မဟုတ်တဲ့အကြောင်းလည်း ချေပ ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်းရဲ့ တုံ့ပြန်ချေပချက်တွေဟာ တကယ်ပဲ မှန်ကန်ပါရဲ့လား။ သူ့ကို ဒီလို တရားစွဲဆိုတင်ပို့ခဲ့တဲ့ အစိုးရကရော တကယ်မှန်ကန်ပါရဲ့လား။ အများကြီး စဉ်းစားစရာရှိပါတယ်။ ဒါပေမယ့် တချိန်က နိုင်ငံအထွတ်အထိပ်ရာထူး ရရှိခဲ့တဲ့ သမ္မတ တယောက်ကို တရားရုံးကို ရောက်အောင် တရားစွဲဆို အပြစ်ပေးနိုင်လောက်တဲ့ ပြစ်မှုဆိုင်ရာ အထောက်အထား တစုံတရာ အခိုင်အမာ မရှိဘဲနဲ့တော့ လုပ်လို့မရနိုင်ဘူးဆိုတာ သေချာပါတယ်။

သူ တကယ်ပဲ လာဘ်ငွေ ဒါမှမဟုတ် လာဘ်ပေးတာကို လက်ခံလိုက်မိသလား။ နိုင်ငံရေးအာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးစီးပွား ရယူခဲ့သလား ဆိုတာကို တရားရုံးက အမှောင့်ပရောဂ ကင်းကင်းနဲ့ စုံစမ်းစစ်ဆေးနိုင်ခဲ့သလား။ စစ်ဆေးပြီး သက်သေအခိုင်အမာတွေ့ရှိလို့ ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလား ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတခုရဲ့ တရားဥပဒေအရ စွပ်စွဲခံရသူမှာလည်း သူ့မှာ အပြစ်မရှိဘူးဆိုရင် ခုခံချေပခွင့် အပြည့်အဝ ရရှိရမှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံက အစိုးရအဖွဲ့ဟောင်းလက်ထက် ဝန်ကြီးတချို့ရဲ့ ငွေကြေးအလွဲသုံးစားမှု၊ ကိုယ်ကျိုးသုံးစွဲမှု၊ စာရင်းဖျောက် ထားရှိမှုတွေ ရှိနေတာကို ခုတက်လာတဲ့ စစ်တပိုင်းအစိုးရလက်ထက်မှာ ရှာဖွေတွေ့ရှိခဲ့တာတွေ ရှိလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ခုထိတော့ တစုံတရာ အရေးယူ တရားစွဲတာမျိုး မတွေ့ရသေးပါဘူး။

သမ္မတ ဦးသိန်းစိန်လက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေရဲ့ ဘီလျံနဲ့ချီတဲ့ငွေတွေ စာရင်းပျောက်အင်းပျောက် ဖြစ်ခဲ့တာ၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်းသိန်းအောင်ရဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ စာရင်းပျောက် ဖြစ်ခဲ့တာတွေအတွက် ခုထိ ဘာမှ ဖမ်းဆီးစစ်ဆေး အရေးယူတာမျိုး မတွေ့ရသေးပါဘူး။ အဲဒီလိုလုပ်လို့ ရပါသလား။ ပြည်သူတွေ ရွေးချယ်တင်မြှောက်လို့ တက်လာပါတယ်ဆိုတဲ့ အစိုးရဆိုတာကရော တကယ်အစိုးရရဲ့လား။ မေးစရာရှိလာပါပြီ။      ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013