DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့တွင် ရေဘေးအန္တရာယ်ကာကွယ်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်မည်
DVB
·
July 19, 2017
မင်းလှမြို့တွင် ရေဘေးအန္တရာယ်ကာကွယ်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်မည်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မှာ ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် အဓိကနေရာ ပေ ၅၀၀ ကို ငွေကျပ်သိန်း ၅၅၀ အကုန်ကျခံပြီး သံကူကွန်ကရစ်တာဘောင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ဖို့ ဒေသခံတွေက စီစဉ်နေပါတယ်။

ဇူလိုင် ၁၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းအရာရှိတွေ၊ စည်ပင်ကော်မတီအဖွဲ့ဝင်တွေနဲ့ မြို့မိမြို့ဖတွေ စုပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာတော့ မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ အထက်မင်းလှမြို့ ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် အဖွဲ့ဝင် ၂၄ ဦး ပါဝင်တဲ့ တာဘောင် ပြုပြင်ထိန်းသိမ်းရေး ကော်မတီတရပ် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

တာဘောင် ပြုပြင်ထိန်းသိမ်းရေးကော်မတီ ဘဏ္ဍာရေးမှူး ဒေါက်တာရဲထွန်းဇော်က “မြို့ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက် အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၁ ရပ်ကွက်တို့မှာရှိတဲ့ တာဘောင်မှာ ကြံ့ခိုင်မှု အားနည်းနေတယ်။ မင်းလှခံတပ်ကြီးရဲ့ မြောက်ဘက်က စပြီးတော့ ရွာတော်ရွာအနီးထိ စုစုပေါင်း ပေ ၃၂၀၀ ရှည်လျားပြီးတော့ ဧရာဝတီမြစ်ရေ တက်ချိန်များမှာ ကြွက်တွင်းပေါက် တချို့ကတဆင့် မြို့တွင်းကို ရေတွေယိုစိမ့်နေပါတယ်။ အခုကို ဧရာဝတီမြစ်ရေဟာ မြင့်တက်လာနေပါတယ်။ မင်းလှခံတပ်ကနေ မြောက်ဘက်လှည်းဝိုင်းကြား စုစုပေါင်း ပေ ၅၀၀ မှာ နှစ်စဉ် ရေစိမ့်တဲ့ နေရာ ၃ နေရာလောက်ရှိပြီး တပတ်အတွင်း Foundation ချ ပြီးနိုင်အောင် အမြန်ဆုံး ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

မင်းလှမြို့ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်ဌေးက “တာဘောင်ကတဆင့် မင်းလှမြို့ထဲကို ရေစိမ့်ဝင်တာ၊ ရေလျှံကျတာတွေက ကာကွယ်ဖို့အတွက် အထက်မင်းလှမြို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိနေတဲ့ မြို့အရှေ့ဘက်နဲ့ မြောက်ဘက်က တာဘောင်တွေရဲ့ မြစ်ဘက်အခြမ်းကို သံကူကွန်ကရစ်နဲ့ ကျောက်ကြီးစီဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးက “တာဘောင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ အတွက် လာမယ့်နှစ် တိုင်းဒေသကြီးဘတ်ဂျတ်၊ ပြည်ထောင်စုဘတ်ဂျက်တို့ ရရှိစေဖို့ လိုအပ်သလို ဆက်လက်တင်ပြသွားမယ်။ အခုနှစ်ဘတ်ဂျက် မရနိုင်တော့ဘူး။ အစိုးရဘတ်ဂျက် မကျသေးခင်စပ်ကြား အခုဘဏ္ဍာရေးနှစ်မှာ ပြည်သူတွေဆီက အလှူခံပြီးတော့ ရေဘေးအန္တရာယ် ကာကွယ်ရေးစီမံကိန်းကို ရသလောက် စတင် အကောင်အထည်ဖော်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကို ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တယ်” လို့ ပြောပါတယ်။

မင်းလှမြို့ဟာ ပထဝီအနေအထားအရ မြစ်ကျိုးအင်းထဲမှာ တည်ရှိပြီး မြို့ရဲ့ အရပ်သုံးမျက်နှာ (မြောက်၊ အရှေ့နဲ့ တောင်အရပ်) တို့ကို တာရိုးကာပြီး နှစ်စဉ် ဧရာဝတီမြစ် ရေတက်တဲ့အချိန်တွေမှာ ရေဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနေရတဲ့မြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းက မြို့ရဲ့ တောင်ဘက်အခြမ်း တာဘောင်ရိုးကို သံကူကွန်ကရစ်၊ ကျောက်ကြီးစီ၊ မြေနီဖြည့်တာတွေ ခိုင်မာအောင် အင်အားဖြည့် တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013