စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဇူလိုင် ၁၉ ရက်နေ့ ကျရောက်တဲ့ ၇၀ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အင်အား ၁၀၀၀ ကျော် တက်ရောက်ဂါရဝပြုခဲ့ကြပါတယ်။
အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်မှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဌာနဆိုင်ရာဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားကျောင်းသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ အင်အား ၁၀၀၀ ကျော်က နိုင်ငံတော်အလံ အလေးပြုတာနဲ့ အာဇာနည်ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။
အဲဒီနောက် အင်းတော်မြို့ မြအင်းသာခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ၊ ကျောင်းသား ကျောင်းသူတွေက အာဇာနည် ၉ ဦးရဲ့ အထ္ထုပ္ပတ္တိတွေ ဖတ်ကြားတာနဲ့ မြို့နယ်အုပ်ချုပ်ရေးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက အမှာစကား ပြောကြားတာတွေ လုပ်ခဲ့ကြသလို နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)










