Home
ဆောင်းပါး
ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေး
DVB
·
July 19, 2017
Htet Myet article
ပြည်သူအချစ်ဆုံးနှင့် အားအကိုးဆုံး ခေါင်းဆောင်ဆိုလျှင် ယခုအချိန်အထိ စံထားပြီး အမြဲတစေ ညွှန်ပြလေ့ရှိသူမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရဲရင့်ပြတ်သားသော ခေါင်းဆောင်၊ လူထုတိုက်ပွဲဖြစ်ဖြစ် လက်နက်ကိုင်တိုက်ပွဲဖြစ်ဖြစ် ရဲရင့်စွာ ပါဝင်ဆင်နွှဲသူ ဖြစ်သည်။ လူထုနာမှာစိုးလို့ ကျုပ်တယောက်တည်း တိုက်မယ်ဆိုသော လူထုမပါသည့် တိုက်ပွဲမျိုးကို တိုက်လေ့မရှိသော ခေါင်းဆောင်လည်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း လူထုခေါင်းဆောင်တယောက်၊ တော်လှန်ရေး ခေါင်းဆောင်တယောက် ဖြစ်လာခဲ့လေသည်။ သူတို့ခေတ်ကလည်း ခေါင်းဆောင်ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်းသာမဟုတ် သခင်နု၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ သခင်သိန်းဖေ(သိန်းဖေမြင့်) စသော ခေါင်းဆောင်များမှာ ယခုအချိန်တွင် မျိုးဆက်သစ်များ ခြေရာမနင်းနိုင်လောက်သော ခေါင်းဆောင်များ ဖြစ်ခဲ့လေသည်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည်တဦးအဖြစ် အသက်ပေးသွားသည်အထိ သူ၏ ကိုယ်ကျင့်တရား၊ သူ၏စွန့်လွှတ်မှု၊ သူ၏ လောဘကင်းမှု၊ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အမြဲကြည့်ပြီး လုပ်ဆောင်နေသူ ဖြစ်သောကြောင့် သူ၏ချို့ယွင်းချက်၊ အပြစ်အနာအဆာကို မည်သူမျှ ရှာမရ၊ မည်သူမျှ ပြောမရသည်မှာလည်း သူ၏ စွန့်လွှတ်အနစ်နာခံမှုများတွင် အပြစ်အနာအဆာမရှိ၍ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ တနေ့ကထုတ်သော မြန်မာစံတော်ချိန်သတင်းစာတွင် အောင်မြင့်ဦး(မဟာဝိဇ္ဇာ) က ဆောင်းပါးတပုဒ် ရေးထားလေသည်။ ပြည်သူ့ရဲဘော်အဖွဲ့မှ ဗိုလ်ကွန်းဇော်တယောက် ဗိုလ်ချုပ်အကြောင်း သီချင်းဖျက်ဆိုသည့်အကြောင်း ကြည်နူးစရာကောင်းအောင် ရေးထားသလို ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကြီးမှုကိုလည်း မှတ်သားလိုက်ရပါသည်။ ထိုအချိန်က ပြည်သူ့ရဲဘော်ဌာနချုပ်မှာ ယခု မင်းကွန်းဝိပဿနာရိပ်သာနေရာတွင် ရှိသည်။ ဗိုလ်ကွန်းဇော်မှာ မင်္ဂလာဒုံဗိုလ်သင်တန်း တတိယပတ် ကျောင်းဆင်းလည်း ဖြစ်သည်။ တနေ့ ဗိုလ်ကွန်းဇော် ဌာနချုပ်သို့ ရောက်လာသည်။ သူက သီချင်းများကို ဖျက်၍ ဆိုလေ့ရှိသူ ဖြစ်သောကြောင့် သူ့ကို ကျန်ရဲဘော်များက- "ဟေ့ ကွန်းဇော်၊ ဌာနချုပ်ထဲ ရောက်နေပြီကွ။ မင်း သီချင်းတော်လောက်ပြီ ထင်တယ်။" "အိုး ဘယ်သူ့ကို နှောင့်ယှက်တာ မှတ်လို့ကွာ။ ကိုယ့်ဟာကိုယ် အပျင်းပြေဆိုတာပဲ။" "မဟုတ်ဘူးကွ၊ ငမိုး ရောက်နေတယ်လို့ ပြောသံကြားတယ်ကွ။" (ငမိုးဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ရဲဘော်တွေက ချစ်စနိုးခေါ်တဲ့ အမည် ဖြစ်ပါတယ်။) "ဟား ဟား ဟား တခြားနည်းနဲ့ လှည့်ချင်ရင်လှည့်ပါ ငါ့လူရာ။ ဒီနည်းနဲ့တော့ ကွန်းဇော်ကို မရဘူး မောင်ရင်ရေ၊ ဘာရမလဲဆို ဖြစ်အောင်ကို ဆိုလိုက်ဦးမယ်ကွာ။" "ငါတို့ဗမာပြည်ဝယ် မိဘအပေါင်းကရယ်၊ အို ဘာတဲ့ ဘာတဲ့ ကျနော်တို့ ဗမာပြည်ဝယ် အမိအဖအပေါင်းကရယ် ဗိုလ်အောင်ဆန်းလို လူမိုက်ကလေးတွေ မွေးရမယ်။ သြော်… ခွစာလေးတွေ များများ မွေးရမယ် ဟယ် အယ်။" ဗိုလ်ကွန်းဇော်ဟာ တော်တော်အရသာတွေ့နေဟန် တူပါတယ်။ အဲဒီအပိုဒ်ကိုပဲ ထပ်ခါတလဲလဲ အပြန်ပြန် သီဆိုနေပါတယ်။ အဲဒီလို ဆိုနေချိန်မှာပဲ အသံတသံ ထွက်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ကွန်းဇော်ကို ဌာနချုပ်သို့ ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းက “ကွန်းဇော်” လို့ ခေါ်လိုက်သောအသံ ဖြစ်လေသည်။ ဗိုလ်ချုပ်က သီချင်းဆိုသူမှာ ဗိုလ်ကွန်းဇော် ဟုတ်၊ မဟုတ် မေးပြီး ဗိုလ်ကွန်းဇော်က ဟုတ်ပါသည်ဟု တထိတ်ထိတ်နှင့် ဖြေလိုက်၏။ ထိုအခါ ဗိုလ်ချုပ်က ဗိုလ်ကွန်းဇော်ကို- “အေး ဆိုစရာသီချင်းတွေ အများကြီး ရှိပါတယ်ဟ၊ ငါ့သီချင်းကိုမှ မင်း ဖျက်ဆိုတာ အရေးမကြီးဘူးကွာ။ အခြောက်တိုက် ငါ့မှာ လူမိုက်ဖြစ်ရတာတော့ နာသဟေ့ ဟား ဟား ဟား။” ဟု ပြောလိုက်သော ဗိုလ်ချုပ်၏ သဘောထားကြီး၊ မာန်မာနကင်းမှုသည် ခေါင်းဆောင်ပီသမှုကို ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ စစ်အာဏာရှင်ခေတ် အဆက်ဆက်က ထိပ်သီးဗိုလ်ချုပ်ကြီးများ ထိုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်မျိုးရှိလျှင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်ခေတ်ကို ရောက်ရှိခဲ့မည် မထင်ပေ။ ဆရာအောင်မြင့်ဦး(မဟာဝိဇ္ဇာ) မှတ်တမ်းတင် ရေးသားထားသော ထိုအဖြစ်မျိုးကဲ့သို့ပင် ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာထဲမှာလည်း ‘အောင်ဆန်း သို့မဟုတ် အရိုင်း’ ဆိုသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သူ၏ထိတွေ့မှုကို ရေးသားခဲ့ရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားမှာ တပုံစံတည်း တွေ့ရှိရလေသည်။ ဆရာတာရာက ဗိုလ်ချုပ်၏ ပွင့်လင်းမှု၊ ဟန်မဆောင်မှု၊ သူ့ရင်ထဲရှိသမျှကို မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်မှုတို့ကို အရိုင်းဆန်သည်ဟုဆိုကာ သူ့ထက် အသက် ၄ နှစ်ကြီးသည့် ဗိုလ်ချုပ်အောင်ဆန်းကို ‘အောင်ဆန်း သို့မဟုတ် အရိုင်း’ ဟု ရေးလိုက်သည်နှင့်ပတ်သက်၍ “ဌေးမြိုင်က ငါ့ကို အရိုင်းလို့ ဆိုတယ်ကွာ။ ငါ ဒီလောက်မရိုင်းပါဘူးကွ” ဟု ကောက်ချက်ချခဲ့ပုံနှင့် တူညီနေသောကြောင့် သူ့ကို ဝေဖန်သူ၊ သူ့အကြောင်း ပြောဆိုသူများအပေါ် မကျေနပ်မှု၊ ဒေါသဖြစ်မှုများ မရှိကြောင်း သိသာပါသည်။ ၁၉၄၃ ခုနှစ်က ကရင်-ဗမာ အဓိကရုဏ်းများဖြစ်ပြီး ကရင်များက ဗမာကိုသတ်၊ ဗမာများက ကရင်ကိုသတ်နှင့် စည်းလုံးညီညွတ်မှု ပြိုကွဲနေသည်ကို ဗိုလ်ချုပ်အောင်ဆန်းက နည်းနည်းမှ မနှစ်မြို့ခဲ့ပေ။ ထို့အတွက် ကရင်ခေါင်းဆောင် စောစံဖိုးသင်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်သို့ ဖိတ်ခေါ်လိုက်၏။ ဗမာစစ်သားများက ကရင်များကို သတ်ဖြတ်ခြင်း၊ ကရင်ရွာများကို မီးရှို့ခြင်းများကို ဗိုလ်ချုပ်အား ပြောပြရန်လည်း သူ စဉ်းစားလာခဲ့သည်။ သူ့ရင်ထဲမှ ခံစားချက်များကို ရန်ကုန်သို့ရောက်လျှင် ဖွင့်အန်ပြမည့်အခွင့်အရေး ရမည်ဟုလည်း သူ စဉ်းစားခဲ့၏။ ထိုအကြောင်းကို ၁၉၄၉ ခုနှစ်က နေးရှင်းသတင်းစာတွင် ဇန်နဝါရီလမှာ ဖေဖော်ဝါရီလအထိ နေ့စဉ် မောင်မောင် ဆိုသော ကလောင်ဖြင့် ဒေါက်တာမောင်မောင်က ရေးသားခဲ့ဖူးပါသည်။ "ကျုပ်က ခင်ဗျားရဲ့ရန်သူပဲ။" "ကျုပ်နာမည်က စောစံဖိုးသင်ပါ။ ကရင်ခေါင်းဆောင်ပဲ။ ကျုပ်က ခင်ဗျားရဲ့ ရန်သူလည်း ဖြစ်တယ်။" ဤစကားမှာ ဗိုလ်ချုပ်နှင့် ပထမဆုံးတွေ့စဉ်က ပဋိသန္ဓာရစကားအဖြစ် စောစံဖိုးသင် ပြောလိုက်သောစကား ဖြစ်ပါသည်။ ထိုစကားပြောဖို့ သူ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့၏။ ဗိုလ်ချုပ်နှင့်တွေ့လျှင် ယဉ်ကျေးသိမ်မွေ့သော စကားများကို မပြောဘဲ ရှောင်ဖို့လည်း သူ စဉ်းစားထားသည်။ မျက်နှာချိုသွေးပြီး မိတ်ဆွေရင်းများသဖွယ်လည်း သူ ဟန်ဆောင်မပြချင်ပေ။ သူ တွေ့မည်။ ဤလူသည် သူ့ရန်သူ ဖြစ်သည်။ ထို့ကြောင့် ထိုသူ ဒေါသပုန်ထအောင် ပြောဆိုရမည်။ ထိုသူ ဒေါသထွက်အောင် ဆွပေးရမည်။ ထို့အတွက် စောစံဖိုးသင်သည် သူ ယုံကြည်သည့်အတိုင်း အခိုင်အမာရပ်ရန် ဗိုလ်ချုပ်နှင့် တွေ့ဆုံပြောဆိုခဲ့ပါသည်။     သို့သော် သူထင်သလို ဗိုလ်ချုပ်မှာ ဒေါသူပုန်ထမလာသလို စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်ခြင်းလည်း မရှိခဲ့ပေ။ ဗိုလ်ချုပ်က သိမ်မွေ့စွာပြုံး၍ သူ့ကို ဧည့်ခံပြီးနောက် အားရပါးရ ရယ်မောလိုက်ပါသည်။ ပတ်ဝန်းကျင် အခြေအနေမှာ ပျော်ရွှင်ကြည်နူးဖွယ်အပြည့်ဖြင့် မိတ်ဆွေဖြစ်ဖို့ကို အခွင့်သာနေပါတော့သည်။ ဗိုလ်ချုပ်က ကရင်ခေါင်းဆောင်၏မျက်နှာကို ကြည့်နေပြီးနောက် သူ့လက်ကို ဆန့်ထုတ်ပြီး ကရင်ခေါင်းဆောင်ကို ကြိုဆိုလိုက်၏။ “ရဲရင့်တဲ့ရန်သူဟာ မိတ်ကောင်းဆွေကောင်းပဲဗျ” ဟု ဗိုလ်ချုပ်က ပြောလိုက်သည်။ စောစံဖိုးသင်သည် ဘာစကားမှ ပြန်မပြောနိုင်ဘဲ မှင်တက်မိနေပါတော့သည်။ သူက ဗမာစစ်သားများ၏ လူမဆန်မှု၊ ရိုင်းစိုင်းမှု စသည်တို့ကို ပြောဆိုသလို ဗိုလ်ချုပ်အား စောင်းပါးရိပ်ခြည်ဖြင့် ရန်စ စကားပြောဖို့ စိတ်ကူးထား၏။ ထိုသို့ ဗိုလ်ချုပ် ဒေါသထွက်အောင် ရန်စလိုက်ပြီး သူ ကျေနပ်သွားမည်ဟု ထင်သည်။ သို့သော် သူ ရန်မစဖြစ်တော့။ သူ ရန်လိုနေသည့်သူက သူ့ကိုပြုံး၍ နှုတ်ဆက်နေသည်။ ထိုသူက နွေးထွေးစွာ နှစ်လိုဖွယ် ကြိုဆိုပါသည်။ ထိုလူက “ခင်ဗျားက အရင်ကတော့ ကျနော့်ရန်သူပေါ့။ ဒါပေမယ့် ခင်ဗျားက ပွင့်လင်းပြီး အကြောက်အလန့် မရှိဘူး။ ဒါကို သိပ်သဘောကျတယ်။ ဒါဟာ အလွန်ရှားပါးတဲ့ အရည်အချင်းပဲ။ ဒီတော့ ခင်ဗျားက ကျနော့်မိတ်ဆွေ ဖြစ်သွားပြီ” ဟု ထပြောလိုက်ပါသည်။ တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ စစ်ခေါင်းဆောင်များကြားတွင် ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူ့ခေါင်းဆောင်မျိုးကို ကျနော်တို့ လိုအပ်လျက် ရှိပါသည်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024