
ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်က ပန်းတောင်းမြို့နယ်မှာ စာသင်ကျောင်း ၁၀ ကျောင်း ပိတ်ထားရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာ စာသင်ကျောင်း ၇ ကျောင်းကို ပိတ်လိုက်ရပြီး ဇူလိုင်လ ၁၈ ရက်မှာ ထပ်မံပြီး ကျောင်း ၃ ကျောင်း ပိတ်လိုက်ရတာ ဖြစ်တယ်လို့ ပန်းတောင်းမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။
“နှစ်စဉ်လည်း ရေက အမြဲတက်တာပဲ။ တက်တာနဲ့ ကျောင်းပိတ်ပေးလိုက်ပြီး နောက်ဖွင့်ရက်တွေကျမှပဲ အစားထိုးတက်ခိုင်းရမှာ”လို့ သူရဲဇီးကျေးရွာ မူလတန်းလွန်ကျောင်းက ဆရာမ ဒေါ်အေးအေးခိုင်က ဆိုပါတယ်။
ပန်တောင်းမြို့နယ်ထဲက တချို့ကျောင်းတွေက ရေမကြီးပေမယ့် ကျောင်းတက် ကျောင်းပြန်မှာ ရေထဲကို ဖြတ်သွားရတာကြောင့် မိဘတွေက စိတ်ပူပန်နေကြပါတယ်။ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေက ပန်းတောင်းမြို့ပေါ်နဲ့ မြို့နယ်ထဲက စာသင်ကျောင်းတွေဖြစ်ပြီး အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၃ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
အခု ပိတ်ထားရတဲ့ ကျောင်းတွေအပြင်၊ ဒေသတွင်း နေရာအနှံ့အပြားမှာ ရေကြီး နစ်မြုပ်နေတာကြောင့် ကျောင်းသွားကျောင်းပြန် မိဘတွေက လှေတွေ အပို့အကြို လုပ်နေရတာကြောင့် တချို့ကလေးတွေ ကျောင်းမတက်နိုင်ကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။











