မုံရွာ-မန္တလေးကားလမ်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီး၊ မိုင်တိုင်အမှတ် ၅၀-၅၁ကြား၊ ပုလဲမှ မန္တလေးသို့ မောင်းနှင်လာတဲ့ ဟီးနိုးအမျိုးအစား ခရီးသည်တင်ကားက ဒီကနေ့မနက်က မိုးရွာတဲ့အတွက် လမ်းချော်ပြီး တံတားဘောင်ကို ဝင်တိုက်ခဲ့ပါတယ်။
ယာဉ်မတော်တဆဖြစ်မှုကြောင့် ကားပေါ်ပါလာတဲ့ ယာဉ်နောက်လိုက် ရန်နိုင်ဇော်ဟာ ရှေ့ခေါင်းနဲ့ လူဝင်ပေါက်ထိုင်ခုံကြားမှာ ခြေထောက်ညပ်နေခဲ့တဲ့အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်ကာ သွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။
ကားပေါ်မှာ ခရီးသည် စုစုပေါင်း ၂၀ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်နောက်လိုက်ကလွဲလို့ အခြားသူတွေမှာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်နောက်လိုက်မှာ ခြေထောက် ၂ ချောင်း ကျိုးကြေဒဏ်ရာ၊ ညာဘက်မျက်ခုံးကွဲဒဏ်ရာတို့ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထားရှိတာကြောင့် မြင်းမူမြို့ ပြည်သူ့ဆေးရုံ၊ အဲဒီကတဆင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း ဝင်းဦး(၃၈-နှစ်)ကို မြင်းမူမြို့ မြို့မရဲစခန်းက ယာဉ်(ပ)၃၉/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇၊ ၃၃၈ တို့အရ အမှုဖွင့် အရေးယူထားပါတယ်။











