DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ကျေးရွာတချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေသဖြင့် စာသင်ကျောင်းများ ပြောင်းရွှေ့
DVB
·
July 18, 2017
Donate to DVB

တိုက်ကြီးမြို့နယ် အဖျောက်မြို့ကျေးရွာတချို့မှာ ဧရာဝတီမြစ်ရေစတင်ဝင်ရောက်နေတဲ့အတွက် စာသင်ကျောင်းတွေပြောင်းရွေ့နေပြီး ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်နေတယ်လို့ အဖျောက်မြို့မြို့မိမြို့ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဖျောက်မြို့မြို့မိမြို့ဖတဦးဖြစ်သူ ဦးသန်းစိုးက “ပရဟိတအဖွဲ့တွေရယ် အုပ်ချုပ်ရေးပိုင်းရယ် မြို့မိမြို့ဖတွေ အခုမြစ်ရေဝင်တဲ့ကျေးရွာတွေကို သွားပြီးကြည့်နေပါတယ်။ လက်ရှိရေက ရေပေါ်သောင်ကျေးရွာအုပ်စုက ကျေးရွာတွေကို စတင်ဝင်နေပါပြီ။ အဖျောက်မြစ်ရေ စိုးရိမ်ရေ အမှတ်က ၃၅ ပေ ရှိပါတယ်။ ဒီနေ့ရေအမှတ်က ၃၄.၈ ပေရောက်နေပါပြီ။ ဒါကြောင့် ရေဘေး ကယ်ဆယ်ရေးစခန်းတွေဖွင့်ဖို့ကို အစည်းအဝေးတွေ ပြုလုပ်ပြီး ကြိုတင်ကာကွယ်ရေးတွေ ပြုလုပ်နေတယ်”လို့ ပြောပါတယ်။

ရှေ့သို့လှမ်းချီ ပရဟိတအဖွဲ့မှ ကိုအောင်ထွန်းလေးက “ကျနော်တို့ ပရဟိတအဖွဲ့အနေကတော့ အရင်နှစ်ရေဘေး ကယ်ဆယ်ရေးလုပ်တဲ့ အချိန်ကကျန်တဲ့ ရန်ပုံငွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေဘေးကြောင့် ရောက်လာမယ့်ပြည်သူတွေအတွက် အဖျောက်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်”လို့ ပြောပါတယ်။

အဖျောက်မြို့မှာ မြစ်ကမ်းထိန်းသိမ်းရေးတွေ လုပ်ဆောင်ကာ ရေဘေးကြိုတင်ကာကွယ်တာတွေ ပြုလုပ်နေပေမယ့်လည်း ရေပေါ်သောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေနဲ့ ပိတုန်းပိတ် ကျေးရွာ၊ အေးရွာကျေးရွာတွေမှာ ဧရာဝတီမြစ်ရေတွေ  စတင်ဝင်ရောက်နေပြီး အလယ်ကင်း ကျေးရွာ စာသင်ကျောင်းနဲ့ သဲရိုးကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသား ၂၅၀ ကျော်ကိုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားတာတွေ ပြုလုပ်နေရတယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ရေနဲ့ လှိုင်မြစ်ရေ ဝင်ရောက်တဲ့အတွက် နှစ်စဉ်ရေကြီးတာတွေ ဖြစ်ပေါ်နေပြီး တိုက်ကြီးမြို့ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း တိုက်ကြီးမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၁၉၀၀ ကို စောင့်ရှောက်ပေးခဲ့ပြီး စာသင်ကျောင်း ၂၀ ကို ယာယီပိတ်ထား ခဲ့ရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013