
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာရှိတဲ့ အာဇာနည်ကျောက်တိုင်နေရာမှာ ပုဂ္ဂလိကဆီဆိုင်နဲ့ သမဝါယမ အဆောက်အအုံတွေရှိနေပြီး ဒီနှစ်မှာလည်း မြေနေရာ ပြန်မရသေးဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ ရဲ့ ကိုယ်စားလှယ် ဦးနီလတ်က “ ကြိုးစားနေတာတော့ နှစ် နှစ် ရှိပြီ။ ရမယ် ရမယ်နဲ့ ပြန်မရသေးဘူး။ ဒီနှစ်လည်း အဲဒီနေရာမှာပဲ အခမ်းအနားလုပ်ဖို့ စီစဉ်ထား ပါတယ်။ ဒီအကြောင်း ပြည်နယ်လွှတ်တော်မှာ မေးတော့လည်း အဆင် မပြေလို့ ပြည်သူ့လွှတ်တော် မှာလည်း မေးခဲ့သေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်မရောမြို့အဝင် စက်ကုန်းလမ်းဆုံမှာရှိတဲ့ အာဇာနည်ကျောက်တိုင်ဝန်းနေရာမှာ ရာဇာမင်း ဆီဆိုင်နဲ့ သမအဆောက်အအုံတွေ ရှိနေပြီး ၂၀၁၆ ခုနှစ်ကလည်း အဲဒီနေရာမှာ အခမ်းအနား လုပ်ခဲ့ ရတာပါ။
ဒီမြေနေရာကို ပြန်ရဖို့ လွန်ခဲ့တဲ့ တစ်လကျော်က ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ပြန်ဖြေခဲ့ပါတယ်။
မေးခွန်းမေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောကျော်ဝင်းမောင်က“သူတို့က ပါမစ်ချပေးတာပဲ ရှိတယ်ပြောတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ထားတာတဲ့။ တာဝန်ယူမှု တာဝန်ခံမှု မရှိကြဘူးလို့ပဲ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
ဒီကျောက်တိုင်ကို ၁၉၅၀ လောက်က စဆောက်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာ BOC (Burma Oil Corporation) အစိုးရပိုင်စက်သုံးဆီဆိုင်နဲ့ သမဝါယမကို မြေနေရာတွေ ခွဲပေးခဲ့လို့ ကျောက်တိုင်မြေနေရာ နည်းနည်းပဲ ကျန်တော့တာပါ။
နောက်ပိုင်းမှာတော့ အစိုးရပိုင်ဆိုင်အဖြစ်ကနေ ပုဂ္ဂလိကကို ဘယ်လိုပုံစံလွှဲပြောင်းပေးခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။
မြေနေရာ ပြန်ရနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ ညှိနှိုင်းပြီး ငွေအလှူခံဆောင်ရွက်ဖို့ စီစဉ်ထားတယ် လို့လည်း စောကျော်ဝင်းမောင်ကပြောပါတယ်။
ဓာတ်ပုံ - လင်းထွန်း (၂၀၁၆ ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့စဉ်)











