DVB Logo
Home
မြန်မာသတင်း
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်
DVB
·
July 17, 2017
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်
Donate to DVB

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဒီကနေ့  မိုးမောက်မြို့နယ် တရားရုံးက မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ စွဲချက်တင်သင့်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ၂၁ ကြိမ်မြောက်ရုံးထုတ်ချိန်မှာ တရားလိုပြသက်သေတွေကို စစ်ဆေးအပြီး မိုးမောက်မြို့နယ် တရားရုံးက စွဲချက်တင်သင့်ကြောင်း ဆုံးဖြတ်လိုက်တာလို့ ဦးမင်းဌေးရဲ့ ဇနီး ဒေါ်နန်းယဉ်က ပြောပါတယ်။

“သူတို့ရဲ့သဘောတရားက စစ်တပ်ကနေတိုင်လိုက်တယ်။ တိုင်လိုက်တဲ့ တရားလို သက်သေတွေကို စစ်တယ်။ ၁၀ ယောက်ကို စစ်ပြီးတဲ့အခါမှာ တရားရုံးကနေ စွဲချက်တင်မလား မတင်ဘူးလား ဆိုတာ ဆုံးဖြတ်တယ်။ ဒီနေ့က အဲလိုဆုံးဖြတ်တဲ့နေ့ ဆုံးဖြတ်တော့ တရားရုံးကနေ စွဲချက်တင် မယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်မို့ ဦးမင်းဌေးကို နောက်လာမယ့် အပတ်မှာ စစ်မယ်။ စစ်ပြီးတဲ့အခါကျမှ သူနဲ့ သူ့ဘက်က သက်တွေပေါ့။ စစ်မယ်။”

သူကို လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ ပြောပါတယ်။

ဦးမင်းဌေးဟာ ရမ်ဘိုရုပ်ရှင်ဇာတ်ကားမှာ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်းမှူးအဖြစ်လည်း ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ရမ်ဘိုဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်ချက်တွေမှာ ပြည်သူတွေကို လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပြုခဲ့တာဟာ တပ်မတော်ကို အသရေဖျက်ရာရောက်တယ်လို့ ရုံးထုတ်စစ်ဆေးစဉ်မှာ တရားလိုတွေဘက်က ပြောဆိုမှုတွေရှိခဲ့ပါတယ်။

အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ အစိုးရနဲ့ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပြီး ဦးမင်းဌေးဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာပါဝင် တက်ရောက်ဆွေးနွေးနေသူလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အဖွဲ့ဝင်တယောက်အခုလို ဖမ်းဆီးခံရတာဟာ စိတ်မကောင်းစရာဖြစ်တယ်လို့  ဒေါ်နန်းယဉ်က ပြောပါတယ်။

“ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးအပေါ်မှာ ထဲထဲဝင်ဝင်ယုံကြည်ပြီးတော့မှ ပါဝင်တဲ့ဥစ္စာ ဒီဟာကြီးဖြစ်သွားတဲ့ အပေါ်မှာတော့ တော်တော်ကြီးစိတ်မကောင်းဖြစ်တယ်။ ဒါ ကိုမင်းဌေးအမှု တခုထဲအတွက် မဟုတ်ဘူး။ ဒီလိုမျိုးတွေဆက်ဖြစ်မယ်ဆိုရင် ဒါကြီးက မဖြစ်သင့်တဲ့အရာတခု၊ ဒီလမ်းကြောင်းကို အပျက်အစီးလည်းမခံနိုင်ဘူး။ ဒီလမ်းကြောင်းသာလျှင် ပြည်သူလူထုအတွက် အကောင်းဆုံးပေါ့နော်။ နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တဲ့အခါမှာ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်တဲ့အခါမှာတော့ တော်တော်စိတ်မကောင်းဘူးပေါ့နော်။  ဒီဟာတွေကို ဆက်ပြီးတော့မှလည်း မဖြစ်စေချင်တော့ဘူး။ ကိုမင်းဌေးအမှုကိုလည်း အမြန်ဆုံးဖျက်ပြီးတော့မှပဲ နှစ်ဦးနှစ်ဖက် သွားလို့ရမယ့် လမ်းကြောင်းကိုပဲ ရွေးစေချင်တယ်။”

ဦးမင်းဌေးဟာ သွေးတိုးရောဂါရှိသူဖြစ်တဲ့အတွက် စိုးရိမ်နေရကြောင်းနဲ့ လက်ရှိ အကျဉ်းထောင်ထဲမှာ ခေါင်းနောက်ပြီး ခြေဆစ်တွေရောင်ရမ်းတာတွေဖြစ်နေတယ်လို့လည်း ဇနီးဖြစ်သူကပြောပါတယ်။

ဦးမင်းဌေးဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော် – လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ခုဆိုရင် ဖမ်းဆီးခံထားရတာ ရက်ပေါင်း  ၂၀၂ ရက်ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ - မနှောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013