
ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ ဦးပြုံးချိုအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။
တိုင်ကြားစာတခုကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းကစပြီး စစ်ဆေးခံနေရတာလို့ ဦးအောင်မျိုးက ဒီဗွီဘီကိုပြောပါတယ်။
“ဖမ်းလားမဖမ်းလားတော့မသိဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်နေတယ်လို့တော့ သိရတယ်။ တိုင်ကြားစာတခုကြောင့် စစ်ဆေးနေတယ်လို့တော့သိရတယ်။ တိုင်ကြားစာ တခုကြောင့် စစ်ဆေးတာလို့သိရတယ်။ အဲဒီမှာပါဝင်တဲ့လူတွေအစစ်ခံရမှာပေါ့။
ဦးပြုံးချိုဟာ ယခင်ပြည်ထဲရေးဝန်ကြီးဌာနရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူအပါအ၀င် ၅ ဦး မနေ့က ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက်မရသေးပါဘူး။
ဇူလိုင် ၁၆ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့် ကိုယ်စားလှယ် မစ္စ ယန်ဟီးလီနဲ့အဖွဲ့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေက တွေ့ဆုံခဲ့ရာမှာ အတွင်းရေးမှူး ဦးပြုံးချိုလည်း ပါဝင်ရှင်းပြခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
ဓာတ်ပုံ-ACCM











