ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ရေကြီးနစ်မြုပ်နေတဲ့ ရပ်ကွက်အချို့မှာ နေ့စဉ်ရေ ဆက်လက်တက်နေတာကြောင့် ဒေသခံတွေ ရေလွတ်တဲ့နေရာတွေကို ရွှေပြောင်းနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ လောက်ကစပြီး ဧရာဝတီမြစ်ရေတက်လာတာကြောင့် ပြည်မြို့ မြောက်ပိုင်းက ရပ်ကွက်တချို့မှာ ရေ၀င်လာခဲ့ပြီး အခု ရေမြုပ်တဲ့ ရပ်ကွက်အချို့မှာ စတင်ပြောင်းရွှေ့နေကြရတာပါ။
ပြည်မြို့က ဘောကရပ်ကွက်နေ ဒေါ်ခင်စိန်က “နှစ်စဉ်ရေကြီးနေကြနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့အိမ်တွေကို ခြေတံရှည်တွေ ဆောက်ထားကြပါတယ်။ ဒါပေမယ့် ကလေးသူယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက်တော့ ဒုက္ခရောက်နေတယ်”လို့ ပြောပါတယ်။
ရွှေပလ္လင်မှော်အောက်ချိုင့်နေ ဦးမြင့်လွင်က “အရင်နှစ်တွေရေတက်တုန်းက တော့ ကျောင်းတွေမှာ ရေဘေးသင့်တွေ ထားရပေမယ့် အခုကကျောင်းတွေက ရေမနစ်တော့ ပိတ်လိုက်ဖို့က အစဉ်မပြေသေးဘူး” လို့ပြောပါတယ်။
ပြည်မြို့မှာ ဇွန်လဒုတိယပတ်ထဲ ရေစတင်တက်လာခဲ့ပြီး ဇွန် ၁၆ ရက်နေ့မှာတော့ ပြည်မြို့ရဲ့ မြောက်ဖျားပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရွှေပလ္လင်မှော်အောက်ချိုင့်၊ ဘောဂရပ်ကွက်၊ မာလကာကုန်း ရပ်ကွက်တွေကို ရေနစ်နေတာဖြစ်ပါတယ်။
အဆိုပါရပ်ကွက်တွေမှာရှိတဲ့ နေအိမ်စုစုပေါင်း ၇၀၀ကျော် ရေနစ်မြုပ်ခဲ့ပြီး နေအိမ် ၈၇ အိမ်က လူဦးရေ ၃၀၀ ကျော်တို့ ဇွန် ၁၆ ရက်ညက ရွှေ့ပြောင်းသွားခဲ့ကြရပါတယ်။











