DVB Logo
Home
Lead Story
ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ပြင်ဆင်မှု ဘယ်လောက်ထိရောက်နိုင်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
July 17, 2017
ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ပြင်ဆင်မှု ဘယ်လောက်ထိရောက်နိုင်မလဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဇွန်လ ၁၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီဥပဒေဟာဆိုရင် အရက်ဘက်အဖွဲ့အစည်းတွေရော မီဒီယာသမားတွေကရော လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်တယ်ဆိုပြီးတော့ ဒါကို ဖျက်သိမ်းဖို့ တောင်းဆိုထားတာလည်း ရှိသလို ပြင်ဆင်မှုကလည်း ဘယ်လောက်ထိ ထိရောက်နိုင်တယ်၊ ဒီဥပဒေနဲ့ပတ်သက်လို့ ဘာတွေလုပ်ဖို့လိုမလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ရှေ့နေကြီး ဆရာဦးကြီးမြင့်နဲ့ ဆရာ နေဘုန်းလတ်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာဦးကြီးမြင့်ကို အရင်မေးပါရစေ။ အခု ပြင်ဆင်မှုဥပဒေ တင်ထားတယ်ပေါ့နော်။ ဒီအမှုနဲ့ကလည်း အရင်အစိုးရလက်ထက်မှာ ၇ မှု၊ အခုအစိုးရလက်ထက်မှာ အမှု ၇၀ ကျော်လာပြီပေါ့နော်။ သတင်းသမားတွေရော၊ တခြားလူတွေရော ဒီအမှုနဲ့ အဆွဲခံရတယ်ပေါ့။ အခု ဒါကို ပြင်ဆင်ဖို့ တင်ထားတယ်။ ၅ ချက်လောက် ပါတယ်ပေါ့။ အခု အသစ်ပြင်ဆင်တဲ့ဟာက လုံလောက်မှုရော ရှိရဲ့လား။ ဒီဟာရဲ့ သက်ရောက်မှုတွေ ဘာတွေရှိလဲ ဆရာ စပြီး ဆွေးနွေးပေးပါ။”

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

“ကျနော်တို့ကတော့ အင်္ဂလိပ်ခေတ်က ဥပဒေတွေနဲ့ ကျနော်တို့က အလုပ်အကိုင် ပြုခဲ့ရတယ်။ နောက် ပါလီမန်ခေတ်တွေလည်း မီခဲ့တယ်။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ အဲဒီခေတ်အဆက်ဆက်ကို လာတဲ့အခါမှာ ဥပဒေတရပ်ကို ၂၀၁၀ နောက်ပိုင်း အစိုးရတွေလက်ထက်မှာ ခဏခဏပြင်တာ သွားတွေ့တယ်။ ဟိုတုန်းကဆိုရင် ဥပဒေတရပ်ကို ပြင်မယ်ဆိုရင် သေသေချာချာ စဉ်းစားပြီးတော့မှ ဥပဒေကို ပြုစုတယ်၊ ပြင်ဆင်တာကို တွေ့ရတယ်။ အခုက ပြင်ချင်ရင် အခုထပြင်၊ ပြုချင်ရင် အခုထပြု။ အဲဒါတွေဟာ ဥပဒေတွေရဲ့ အားနည်းချက်တွေပါ။ အဲဒီဒဏ်ကို ပြည်သူတွေ ခံရတယ်။ အထူးသဖြင့် ၆၆(ဃ) ဆိုရင် သတင်းမီဒီယာတွေ တအားခံရတယ်။ သတင်းမီဒီယာတွေ ခံရတာ နိုင်ငံကို ထိခိုက်တာပဲ။ ဒီမိုကရေစီကို ထိခိုက်တာပဲ။ ဒါကြောင့်မို့လို့ အလျင်စလို ပြင်တဲ့ဟာတွေကိုတော့ ကျနော်က သေချာပြန်ပြီး ဆန်းစစ်စေချင်တယ်။ အခုလည်းပဲ ပြင်ဖို့ တင်ပြထားတဲ့အချက် ၄ ချက်လောက်က ကျနော့်အနေနဲ့ကတော့ မလုံလောက်ဘူး၊ ဥပဒေအရလည်းပဲ ဒီဟာအတိုင်းဆိုရင် သတင်းမီဒီယာအတွက်ရော၊ ပြည်သူတွေအတွက်ရော ဒီဥပဒေဟာ ကောင်းလာစရာမရှိဘဲနဲ့ ဒုံရင်းထက်တောင် ကျသွားသေးတယ်လို့ လောလောဆယ်ဆယ် ပဏာမ တင်ပြပါရစေ။ အသေးစိတ်ကိုတော့ ကျနော် ပြီးတော့မှ ဆက်ပြောပါရစေ။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာဦးကြီးမြင့်ကတော့ ဥပဒေတွေ ခဏခဏ ပြင်တာ၊ ပြုတာဟာ ပြည်သူတွေကို အကျိုးမပြုရင်တော့ ဘာမှ သိပ်ပြီးတော့ အလုပ်မဖြစ်ဘူးလို့ ပြောပါတယ်။ အဲဒီတော့ အခု ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ကို ပြန်လည်ပြင်ဆင်ပေးဖို့ ပြောတယ်။ အဲဒါဟာ ဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်လို့ လုံလောက်မှုရှိလား၊ ဒီဟာရဲ့သက်ရောက်မှု ဘာတွေရှိလဲ ဆရာနေဘုန်းလတ် ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးနေဘုန်းလတ် (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

“ဒီမှာ ၄ ချက် ပြင်ထားတဲ့အထဲမှာမှ ဝန်ကြီးဌာန ပြောင်းတဲ့ကိစ္စကတော့ မဖြစ်မနေ လုပ်ရမှာပေါ့။ ဒါပေမယ့် နံပါတ် ၃ မှာ ၆၆(ဃ) ကို ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆိုတဲ့ဟာတွေ။ အဲဒီ Definition တွေကို ပြန်ပြီးတော့ By law အနေနဲ့ ပြန်ပြီး Define လုပ်ဖို့ လိုမယ်ပေါ့နော်။ သေချာအတိအကျ ဖွင့်ဆိုဖို့ လိုမယ်။ နောက်တခုက နံပါတ် ၄ က တော်တော်လေးကို ပြဿနာရှိတယ်။ ဘာလို့လဲဆိုတော့ နံပါတ် ၄၊ ပုဒ်မ ၈၀(ခ)မှာ။ ကျနော်တို့ အရင်တုန်းကဆို တောက်လျှောက်ပြောခဲ့တယ်။ ဝန်ကြီးဌာနကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေချင်တာ။ တခုခုဆိုရင် ရဲကနေပဲ တရားစွဲတာ၊ စွဲသင့်၊ မစွဲသင့် ဆိုတာမျိုး ဆုံးဖြတ်တာ၊ ဖမ်းသင့်၊ မဖမ်းသင့် ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ ဝန်ကြီးဌာနက တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်တယ် ဆိုတာမျိုး တောက်လျှောက်ပြောခဲ့တယ်။ ဒီမှာက ဝန်ကြီးဌာနက ၆၆(ဃ) အတွက်ဆို ၈၀(ခ) အရ လုံးဝ ဝန်ကြီးဌာနကို တင်စရာ မလိုတော့ဘူးဆိုတဲ့သဘော ဖြစ်သွားတယ်။ အဲဒါလည်း လုံးဝ မဖြစ်သင့်ဘူး။ ဝန်ကြီးဌာနက တာဝန်ပိုယူသင့်တယ်လို့ မြင်တယ်။ (ဂ) မှာဆိုရင်လည်း အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်ဆိုပြီး ရေးထားတယ်။ အဲဒီတော့ အရင်တုန်းကလည်း အဲဒီအတိုင်းပဲ။ အရင်တုန်းက အာမခံပေးတဲ့အခါ ပေးတယ်၊ မပေးတဲ့အခါ မပေးဘူး။ အခုလည်းပဲ အာမခံပေးနိုင်သည် ဆိုတော့ အာမခံပေးချင်လည်း ပေးမယ်၊ မပေးချင်လည်း မပေးဘူး ဆိုတဲ့ ပုံစံပဲ။ ဘာမှ မထူးဘူး။ (ဃ) ကိုတော့ ကျနော် လက်ခံပါတယ်။ Third Party ကနေ မဆွဲဘဲနဲ့ တကယ့်ခံရသူ ကိုယ်တိုင်က ဆွဲတယ်ဆိုတဲ့ ပုံစံမျိုးကိုတော့ ကျနော်တို့လည်း တောင်းဆိုတယ်။ (ဃ) ကိုတော့ လက်ခံတယ်။ ဒါပေမယ့် (ခ) နဲ့ (ဂ) မှာက ဘာမှ သိပ်ပြီးထူးခြားတဲ့ အနေအထားမျိုး ဖြစ်မလာဘဲနဲ့ အရင်ပုံစံအတိုင်းပဲ ဆက်ဖြစ်နေဦးမယ်လို့ အခု ပြင်ဆင်ထားတဲ့ ပြင်ဆင်ချက်အရ အဲဒီလောက်ပဲ ကျနော် မြင်ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013