
ရန်ကုန်မြို့မှာ အခုနှစ် မိုးကာလအတွင်း သစ်ပင်လဲကျပြီး ကားပေါ်ပိမိတဲ့ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်လာခဲ့ပြီးနောက် သဘာဝဘေးအာမခံထားဖို့အတွက် ယာဥ်ပိုင်ရှင်တွေကြား စိတ်ဝင်စားလာ ကြတယ်လို့ ကားလောကနဲ့ အာမခံလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ မိုးရွာ၊ လေပြင်းတိုက်လို့ သစ်ပင်တွေပြိုလဲကာ ကားပေါ်ပိမိတာ တွေ ရှိနေပြီး ပျက်စီးဆုံးရှုံးမှုများတဲ့ အနေအထားမျိုးတွေကြောင့် ယာဥ်ပိုင်ရှင်တွေ စိုးရိမ်ပူပန် လာကြတာလို့ ဆိုပါတယ်။
စမ်းချောင်းမြို့နယ်က ကားဝယ်ရောင်းလုပ်နေသူတယောက်က “အခု ရန်ကုန်တမြို့လုံးမှာ ဟိုနား သစ်ပင်ပိလိုက်၊ ဒီနား သစ်ပင်ပိလိုက် ဖြစ်နေတော့ လန့်လာတာ။ အာမခံထားရင် ကောင်းမလား ဆိုတဲ့ အတွေးတွေ ဝင်လာကြတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၃ နဲ့ ၁၄ ရက်တို့မှာ နှစ်ရက်ဆက် သစ်ပင်လဲကျမှုတွေ ဖြစ်ခဲ့ပြီး ဆုံးရူံးပျက်စီးတဲ့ကား ၁၀ စီးလောက်အထိ ရှိခဲ့တာကို မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း အလားတူ ကားတွေ သစ်ပင်ပိခံရတာရှိခဲ့ပြီး ရန်ကင်းမြို့နယ် ဆရာစံလမ်းမှာ ကားပေါ်ပါလူတယောက် သေဆုံးရတဲ့အထိ သစ်ပင်လဲကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဖြစ်ပျက်တွေကြောင့် အာမခံထားဖို့ စုံစမ်းလေ့လာသူတွေ အထိုက်အလျောက် ရှိလာတာ ဖြစ်တယ်လို့ ပြည်တွင်းအာမခံကုမ္ပဏီတခုမှ အရောင်မြှင့်တင်ရေးပိုင်း တာဝန်ယူထားသူ တယောက် က ပြောပါတယ်။
“ကားအာမခံ ဘယ်လိုလုပ်ရတာလဲ၊ အာမခံကြေး ဘယ်လောက်သွင်းရမှာလဲ ဆိုတာတွေ ဖုန်းဆက် မေးတာ၊ စုံစမ်းတာတွေ အခု များလာတာတော့ သတိထားမိတယ်။”
ရန်ကုန်မြို့မှာ ကားတွေ သစ်ပင်ပိတာ မတိုင်ခင် ကားမီးလောင်မှု ဆက်တိုက်ဖြစ်ခဲ့ချိန်ကလည်း အာမခံကိစ္စ စိတ်ဝင်စားခဲ့ကြတာရှိပြီး လက်ရှိမှာ မီးလောင်မှုအန္တရာယ် စိုးရိမ်စရာ ယူဆထားကြတဲ့ EV ကားတွေပဲ အာမခံထားကြတာ ပိုများတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းကနေ သိရပါတယ်။
လက်ရှိမှာ အာမခံကုမ္ပဏီတွေကလည်း သစ်ပင်ပိတဲ့ ဖြစ်ရပ်တွေကို ဖော်ညွှန်းပြီး ကားတွေကို အာမခံထားဖို့ ဆွဲဆောင်စည်းရုံးတာတွေ ချိန်သားကိုက် လုပ်လာတာ တွေ့ရတယ်လို့ ယာဥ်ပိုင်ရှင် တွေက ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်အာမခံထားမဲ့ EV ကျပ်သိန်း ၁,၆၀၀ နီးပါး တန်ဖိုးရှိတဲ့ ကားတစီးအတွက် တနှစ်စာအာမခံကြေး ကျပ် ၃၆ သိန်းလောက် ကျသင့်မှာဖြစ်တယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
သဘာဝဘေးဖြစ်ရပ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရင် အလုံးစုံပေးလျော်မယ်လို့ အာမခံလုပ်ငန်းတွေက ဆွဲဆောင်ထားပေမဲ့ အာမခံစာရင်းပေးသွင်းထားသူ မဟုတ်တဲ့ တခြားတယောက် မောင်းနေချိန်မှာ သဘာဝဘေး ကျရောက်ပြီးဖြစ်တဲ့ ထိခိုက်ပျက်စီးတာကို ပေးလျော်မှာမဟုတ်ဘူးဆိုတဲ့ ကန့်သတ်ချက်အပေါ် ဝေဖန်ထောက်နေကြတာလည်း ရှိနေပါတယ်။











