DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေပြန်ကျ၊ ရေဘေးသင့်ဒေသများ ထိရောက်သည့် ကူညီထောက်ပံ့မှုများမရသေး
DVB
·
July 17, 2017
Donate to DVB

ချင်းတွင်းမြစ်ရေဟာ တဖြည်းဖြည်း ပြန်ကျနေပြီဖြစ်ပေမယ့် မြို့ ၅ မြို့မှာတော့ စိုးရိမ်ရေ အမှတ်ကို ကျော်လွန်နေဆဲ ဖြစ်တယ်လို့  ဇူလိုင် ၁၇ ရက် ၉ နာရီခွဲအချိန်ထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရသိရပါတယ်။

ချင်းတွင်းမြစ်ရေက ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ကနီမြို့တို့မှာ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိနေပြီး ဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်ထက် ၁ ပေခန့်၊ မော်လိုက်မြို့မှာ စိုးရိမ်ရေ အမှတ်ထက် ၃ ပေ ၈ လက်မ၊ ကလေးဝမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၂ ပေခွဲ၊ မင်းကင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၃ ပေခွဲခန့်၊ မုံရွာမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၁ ပေ ၈ လက်မစီ အသီးသီးရောက်ရှိနေပါတယ်။

မိုးဇလတာဝန်ရှိသူတဦးက “ချင်းတွင်းမြစ်အထက်ပိုင်းမှာလည်း မိုးနည်းသွားပြီ ဖြစ်တဲ့အတွက် နောက်ရက်တွေမှာ လည်း ရေက ဆက်ကျဖို့သာ ရှိတော့တယ်။ မြစ်သာမြစ်အထက်ပိုင်းမှာတော့ မိုးရွာနေတယ်။ မြစ်သာမြစ်ကတော့ ရေအနည်းငယ် ပြန်တက်လာနိုင်တယ်။ ကလေးဝ အထက်ဘက်ပိုင်းတွေ ကတော့ ပုံမှန်အနေအထားအထိ ဆက်ကျသွားနိုင်တယ်”လို့ပြောပါတယ်။

မြစ်ရေဝင်ရောက်နေတဲ့ ဒေသတွေနဲ့ပတ်သက်ပြီး မြို့နယ်ဌာနဆိုင်ရာတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ရေဘေးဒုက္ခ ကြုံတွေ့နေရသူတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဆားလင်းကြီးမြို့နယ်တမြို့နယ်ထဲမှာ ရေဘေးဒုက္ခရောက်နေသူ ၂၁၀၀၀ ကျော်ထိ ရှိနေပေမယ့် ခုချိန်ထိ သက်ဆိုင်ရာက ထိထိရောက်ရောက် ကူညီထောက်ပံ့မှုတွေမရှိသေးဘူးလို့ ရေလွတ်ရာပြောင်းရွှေ့နေရသူတွေကဆိုပါတယ်။

ညောင်ပင်ကြီး- ဆားလင်းကြီးလမ်းမှာလည်း ၂ မိုင်ကျော်လောက် ကားလမ်းရေလွှမ်းနေလို့ သွားလာရေးတွေခက်ခဲနေပါတယ်။

အရင်က ၃ နှစ်နေမှ တစ်ကြိမ်လောက်သာရေဝင်ရောက်တာဖြစ်ပေမယ့် မနှစ်ကစပြီး နှစ်စဉ်ရေဘေးဒဏ်ကို ခံနေရတာလို့ ဒေသခံတွေကဆိုပါတယ်။

ရေဘေးကြောင့် ဆားလင်းကြီးမြို့နယ်မှာ လူအသေအပျောက် မရှိသေးပေမယ့် နှမ်း၊ စပါး၊ မြေပဲ၊ ပဲစင်းငုံ၊ ကွမ်းခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ရေဝင်ရောက်တဲ့အတွက် ဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်နေပါတယ်။

တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက “ပြီးခဲ့တဲ့ သောကြာနေ့ကထိ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရဲ့ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ကမ်း ခန္တီး၊ မော်လိုက်၊ ကလေး၊ ယင်းမာပင် စတဲ့ခရိုင်၎ ခုမှာ ရေဘေးကြောင့် လယ်ယာမြေဧက ၂၁၂၈ ဧက ရေနစ်မြုပ်နေပြီး ၁၀၇၂ ဧက ထိခိုက်ပျက်စီးမှုရှိတယ်”လို့ ပြောပါတယ်။

ဆုံးရှုံးသွားတဲ့စိုက်ခင်းတွေနဲ့ပတ်သက်ပြီး သီးနှံအမျိုးအစားပေါ်မူတည်ကာ ထောက်ပံ့တာ တွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ပျက်စီးသွားတဲ့ စပါးပျိုးခင်းတွေအတွက်ကတော့ ဒေသ စပါးမျိုးတွေအတိုင်း ထောက်ပံ့ပေးမှာဖြစ်ပြီး လောလောဆယ်မှာတော့ အရံမျိုးစပါး တင်း ၅၀၀၀ ဝယ်ယူထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ချင်းတွင်းမြစ်ရေက ပြန်ကျနေပြီ ဖြစ်ပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေသေးတာကြောင့် ရေယာဉ်ပြေးဆွဲခွင့်တွေကိုလည်း နောက်ထပ် ၂ ရက်တိုးကာ ဇူလိုင်လ ၁၈ ရက်နေ့ထိပိတ်ထားရဆဲဖြစ်ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့မှာ စတင်ထွက်ခွာမယ့် ရေယာဉ်များအားလုံး မီးသတ်ဆေးဘူးတွေ ပါဝင်ရမှာဖြစ်သလို အသက်ကယ်ဘောကွင်းတွေ၊ အသက်ကယ်အင်္ကျီတွေ အပြည့်အစုံပါရမှာ ဖြစ်ပြီး ပစ္စည်းတွေ အစုံအလင်ပါဝင်တာ ရှိ၊ မရှိကို သက်ဆိုင်ရာနဲ့ ပူးပေါင်းကာ ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီအနေနဲ့ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013