လူငယ်တဦး ငါးဖမ်းစက်လှေပေါ် ခုန်ကူးစဉ် မတော်တဆ ခြေချော်ကျပြီး ရေနစ်ပျောက်ဆုံး
DVB
·
July 17, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ် ချောင်းတောင်ကျေးရွာနေ ကိုကျော်ဦး ငါးအဝယ်ဒိုင်မှာ ကုန်းပေါ်အလုပ်သမား အသက် ၁၉ နှစ်အရွယ် မောင်မင်းထက်သူဟာ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရေးမြစ်ချောင်းထဲက ငါးဖမ်းစက်လှေတစီးပေါ် ခုန်ကူးစဉ် ရေထဲကျပြီး ပျောက်ဆုံးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။
မျက်မြင်သက်သေတဦးဖြစ်တဲ့ မောင်ဇင်အောင်ဦးက မောင်မင်းထက်သူဟာ တဖက်ငါးဖမ်းစက်လှေပေါ်ကို ခုန်ကူးစဉ် မတော်တဆ ခြေချော်မှုဖြစ်ပွားခဲ့ပြီး လှေနဲ့ ဦးခေါင်း ဆောင့်မိကာ ရေထဲ နစ်မြုပ်ပျောက်ဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့သူအား ငါးဖမ်းစက်လှေ ၃ စီးနဲ့ ငါးဖမ်းသမားတွေ၊ မိသားစုဝင်တွေကပါ လိုက်လံရှာဖွေနေပေမယ့် ဒီနေ့မနက်ပိုင်းအထိ မတွေ့ရဘဲ ပျောက်ဆုံးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
အဆိုပါ ရေထဲနစ်မြုပ်သူ မောင်မင်းထက်သူဟာာ ငါးအဝယ်ဒိုင်မှာအလုပ်လုပ်နေသူတဦး ဖြစ်ပြီး ပြင်ပအလုပ်နားနေချိန်အတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ရေကူးတတ်သူတဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)