DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး ရွာသား ၄၀၀ ကျော် ဆန္ဒပြ
DVB
·
July 16, 2017
လားရှိုးတွင် သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး ရွာသား ၄၀၀ ကျော် ဆန္ဒပြ
1 / 5
Donate to DVB

 

လားရှိုးမြို့နယ် နမ့်ပေါင်နဲ့ ခေးနင်းကျေးရွာအုပ်စုက ရွာသား ၄၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က စစ်အစိုးရလက်ထက်မှတဆင့် ဒီနေန့ထိ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက အဆင့်ဆင့် လက်ဝေခံ သိမ်းယူထားတဲ့ မြေယာတွေ ပြန်ရရေး ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြ ပါတယ်။

အဆိုပါကျေးရွာအုပ်စုတွင်းရှိ မြေဧကပေါင်း ၂၀၀ ကျော်ကို ယခင်စစ်အစိုးရလက်ထက်က ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် သိမ်းထားပြီး အသုံးမပြုတဲ့မြေတွေ ပြန်စွန့်ပေးဖို့ ဥပဒေပေါ်ထွက်လာပေမယ့် အောက်ခြေ ၀န်ထမ်းတွေက ပြန်မပေးဘဲ အခကြေးငွေယူပြီး တောင်သူလယ်သမားတွေကို ပြန်ငှားခဲ့ကြောင်း၊ အဲဒီနောက် ဦးဌေးလွင်ဆိုသူက ရွာသားတွေရဲ့မြေတွေပြန်ရရေး  အထက်ကို အဆင့်ဆင့်တင်ပြလို့ မြေတွေ ပြန်ရခဲ့ကြောင်း TYO ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် ပြန်ရတဲ့မြေတွေကို အဆိုပါပုဂ္ဂိုလ်က ရွာသားတွေလက်ထဲ ပြန်မအပ်ဘဲ လှည့်စားယူငင်ထားလို့ ဆိုပါတယ်။

“စစ်တပ်ကသိမ်းပြီး သီးစားချထားနေတဲ့မြေတွေ ပြန်ရဖို့ ဦးဌေးလွင်ဆိုတဲ့လူက ရွာသားတွေကို ကူညီပေးမယ်ပြောတယ်။  ၉ လလောက်ကြာတဲ့ထိ မြေပြန်မရသေးဘူး။ နောက်တော့ ဦးဌေးလွင် ဆိုတဲ့သူက ဦးလေးမြင့် ခေါ် ဦးလေးနိုင် ဆိုတဲ့ လူကို လွှဲလိုက်တယ်။ ဦးလေးမြင့်က ရွာသားတွေကို သူ့ကိုလှူတဲ့သဘောနဲ့ လက်မှတ်ထိုးပေးရင် သက်ဆိုင်ရာကနေ မြေတွေရအောင် ပြန်တင်ပေးမယ်ပြောတယ်။ ရွာသားတွေလည်း ရိုးရိုးသားသားလက်မှတ်ထိုးပေးပြီး အခုကျတော့ ဦးလေးမြင့်က ရွာသားတွေ ကို မတိုင်ပင်ဘဲ သူ့သဘောနဲ့သူ အဲဒီမြေကွက်တွေမှာ စစ်ပြေးဒုက္ခသည်နေဖို့ဆိုပြီး တဲတွေအလုံး တစ်ရာကျော်လာဆောက်တယ်။ ပြီးတော့ အီနိုင်း၊ လွယ်တော် စတဲ့ရွာကလူတွေ ခေါ်နေတယ်။ အမှန်တကယ်လူလာနေတာက သုံးလေးဆယ်ပဲ။ အဲဒီပြဿနာကို ရွာသားတွေက လာတိုင်လို့ ကျနော်တို့လည်း ဦးဆောင်ပြီး ဆန္ဒပြတာ၊ ကြေညာချက်ထုတ်ပြန်တာ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေတိုင်းရုံး စသဖြင့် တိုင်ကြားစာ တင်ပေးခဲ့ပါတယ်ခင်ဗျ။”

ဒီကနေ့ တောင်းဆိုချက်မှာ ရွာသားတွေကို လှည့်စားလိမ်လည်တဲ့ ဦးလေးမြင့်အနေနဲ့ နယ်မြေထဲကနေ ထွက်ခွာသွားဖို့၊ ဌာနဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ရွာသားပိုင်မြေတွေ ပြန်ရရေး ဆောင်ရွက်ပေးဖို့၊ ဦးလေးမြင့်မှ ပရိယာယ်လုပ်ပြီး လက်မှတ်ထိုးခိုင်းတဲ့ ရွာသားတွေအနေနဲ့ သူတို့ထိုးထားတဲ့ လက်မှတ်တွေ ပြန်ပယ်ဖျက်ကြောင်း ကြေညာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရွာသားတွေဟာ ဒီကနေ့မနက် ၁၀ နာရီမှ ၁၁ နာရီထိ လားရှိုးမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ နမ့်ပေါင်မြို့နယ်က သိမ်းဆည်းခံမြေယာပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိ လူကြီးတွေရှေ့မှာ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခံရသူ ဦးလေးမြင့် ခေါ် ဦးလေးနိုင်ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဓာတ်ပုံ -TYO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013