DVB Logo
Home
Lead Story
အစွန်အဖျား ရှမ်းအရှေ့ဒေသက ဝင်ငွေကောင်းလာနေတဲ့ ဝက်မွေးမြူရေး
DVB
·
July 16, 2017
အစွန်အဖျား ရှမ်းအရှေ့ဒေသက ဝင်ငွေကောင်းလာနေတဲ့ ဝက်မွေးမြူရေး
Donate to DVB

 

မြန်မာနိုင်ငံရဲ့ အစွန်အဖျား ရှမ်းအရှေ့ဒေသမှာ ထိုင်းဘုရင်မကြီးရဲ့ စီမံကိန်းဖြစ်တဲ့ မယ့်ဖာလုံစီမံကိန်းရဲ့ တစိတ်တဒေသဖြစ်တဲ့  ဝက်မွေးမြူရေးလုပ်ငန်းဟာ ဒေသခံတွေ အတွက် အဆင်ပြေနေကြပါတယ်။

ဦးဗလတယောက် မနက် ၈ နာရီဆိုရင် ဝက်ခြံ သန့်ရှင်းရေးလုပ်၊ ပြီးရင် ဝတ်စာကျွေးတဲ့ အလုပ်ကို နေ့စဉ် လုပ်ဆောင်ပါတယ်။ အခု မြင်ရတဲ့ ဝက်တွေက မြန်မာနိုင်ငံက ဒေသခံဝက်မျိုးတွေ မဟုက်ပါဘူး။ ထိုင်းနိုင်ငံကလာတဲ့ မွေဆန်းဝက်မျိုးစိတ်တွေ ဖြစ်ပါတယ်။ ဒီဝက်တွေကို မမွေးခင်က ဦးဗလအနေနဲ့ ဒေသခံဝက်တွေကို မွေးခဲ့ပါတယ်။

ဒေသခံဝက်တွေဟာ မကြာခဏ ရောဂါကူးစက်ခံရပြီး သေဆုံးတာတွေ ရှိသလို၊ မွေးဖွားနှုန်းက နည်းတာကြောင့် ခြံပိုင်ရှင် ရွာသားတွေအနေနဲ့ အရှုံးပေါ်တတ်ကြပါတယ်။

အဲဒီဒေသမှာ မွေးမြူရေးနဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ မယ့်ဖားလုံဖောင်ဒေးရှင်းရဲ့ စာရင်းဇယားတွေအရဆိုရင် မိုင်းဆတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ ဝက်မွေးမြူတဲ့ အိမ်ထောင် ၅၇၀၀ ကျော်ကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ သေဆုံးနှုန်းက ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်အထိ ရှိပါတယ်။ ၂၀၁၃ ခုနှစ် ရောက်တဲ့အခါမှာ ထိုင်းနိုင်ငံအခြေစိုက် မယ့်ဖားလုံဖောင်ဒေးရှင်းက တရုတ်ဝက်မျိုးစိတ်ဖြစ်တဲ့ မွေဆန်း ဝက်မျိုးကောင်းမျိုးသန့်တွေကို ထိုင်း-မြန်မာ နယ်စပ်နဲ့နီးစပ်နေတဲ့ မိုင်းဆတ်ခရိုင်ထဲက လွယ်တော်ခမ်း၊ စတုံ၊ မိုင်းထလန်းနဲ့ မိုင်းတွမ်းကျေးရွာအုပ်စုတွေကို မွေးမြူဖို့ ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီအစီအစဉ်အရ ဦးဗလလည်း မွေဆန်းဝက် ၂ ကောင် ရခဲ့ပါတယ်။

အဲဒီအခါမှာတော့ အရင်မွေးခဲ့တဲ့ ဒေသခံဝက်တွေလောက် အသေအပျောက် မများတဲ့အပြင်၊ သားပေါက်နှုန်းကော၊ ဈေးကွက်ပါ ကောင်းတာကြောင့်  အိမ်ရဲ့ ဝင်ငွေတွေလည်း တိုးလာခဲ့လို့  အိမ်ခြံစည်းရိုး ကာရံတာ၊ ရေချိုးခန်း၊ အိမ်သာတွေ ဆောက်လုပ်တာတွေအပြင် ရေခဲသေတ္တာတွေပါ ဝယ်လာနိုင်ပါတယ်။

မိုင်းဆတ်မြို့၊ မိုင်းတွမ်းကျေးရွာနေ ဝက်ခြံပိုင်ရှင် ဦးဗလ “ခု ဒီအသုတ်ရဲ့ အရင်အသုတ်ဆိုရင် ကျနော်တို့ ရောင်းတာ ထိုင်းငွေနဲ့ဆိုရင် ၅ သောင်းကျော် ၆ သောင်းနီးပါးလောက် ရလိုက်တယ်။ တသုတ်ကို အဲဒီလောက်ရတော့ တနှစ်ဆိုရင် ၁ သိန်းဝန်းကျင်၊ ၁ သိန်းကျော်ဆိုတော့ ကျနော်တို့မိသားစု ဝင်ငွေက လယ်ယာလည်း လုပ်တာနဲ့ ကျန်တဲ့ သီးနှံလေး စိုက်ပျိုးတာနဲ့၊ ကျန်တဲ့အလုပ်လေး နည်းနည်းပါးပး လုပ်တာနဲ့ဆိုတော့ ဝက်ဖိုးငွေလည်း ကျနော်တို့ စုလို့ရတာပေါ့။ မိသားစုအတွက် လိုအပ်တဲ့ အဆောက်အဦလေးတွေကို ကျနော်တို့ ဒီငွေတွေနဲ့ ပြန်ပြီးလုပ်ပေးလို့ရတာပေါ့”လို့ ပြောပါတယ်။

မယ့်ဖားလုံဖောင်ဒေးရှင်းအနေနဲ့ ဦးဗလ နေထိုင်တဲ့ ဒီဒေသက ကျေးရွာတွေကို ဝက်မျိုးစိတ် မပေးခင်မှာ လိုအပ်တဲ့ ဝက်ခြံတွေ၊ ဝက်စာတွေကို အဆင်သင့်ဖြစ်အောင် ကိုယ့်လုပ်အားနဲ့ကိုယ် အရင်လုပ်ဆောင်ခိုင်းပါတယ်။ အဲဒီနောက်မှာတော့ ကျေးရွာက ဒေသခံ လူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝက်ဘဏ်ကို ထူထောင်ပြီး စာချုပ်စာတမ်းနဲ့ ဖြန့်ဝေတာပါ။

ဖြန့်ဝေတဲ့ ဝက်တွေကို ရယူတဲ့ ရွာသားတွေအနေနဲ့ ကိုယ်ယူတဲ့ အကောင် အရေအတွက်အတိုင်း ဝက်ဘဏ်ကို သက်မှတ်ကာလမှာ ပြန်ဆပ်တဲ့အခါ အများစုက အချိန်ကာလစောပြီး ဆပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝက်တွေအတွက် သန်ချဆေး တိုက်ကျွေးတာ၊ ကာကွယ်ဆေးထိုးတာတွေအတွက် ဖောင်ဒေးရှင်းက ခန့်ထားတဲ့ ဒေသခံ ရွာသား စေတနာ့ဝန်ထမ်းတွေက ပုံမှန် လုပ်ဆောင်ပေးပါတယ်။

မယ့်ဖားလုံ ဖောင်ဒေးရှင်း Field Manager နန်းဝိုးလောင် “ရလာတဲ့ဟာကို ပိုင်ရှင်စိတ်ဓာတ် အပြည့်ရှိတဲ့အတွက်ကြောင့်မို့ သူက စနစ်တကျ သေချာမွေးမြူလို့ ဒီလိုမျိုး အောင်မြင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလို မွေဆန်းဝက်မွေးတဲ့ လုပ်ငန်း အောင်မြင်နေတာကို တွေ့ရတဲ့အတွက် အဲဒီ ဒေသဝန်းကျင်က ရွာသားတွေအနေနဲ့လည်း ဒီလုပ်ငန်းကို စိတ်ဝင်စားလာကြပြီး မွေးမြူတဲ့သူ ဦးရေလည်း တိုးပွားလာနေပါပြီ။

ဖောင်ဒေးရှင်းရဲ့ စာရင်းဇယားတွေအရလည်း မွေးမြူရေးလုပ်ငန်းကနေ ရတဲ့ ဝင်ငွေဟာ အရင်က တအိမ်ထောင်ကို နှစ်စဉ်ဝင်ငွေ ၉ သောင်း ၃ ထောင်ကျော် ရှိတာကနေ ၂၀၁၆ ခုနှစ်ရောက်တဲ့အခါမှာ ၂ ဆ နီးပါးတိုးလာခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013