DVB Logo
Home
မြန်မာသတင်း
မိုးနဲတွင် သံဃာတော်အားသတ်ပြီး ဆိုင်ကယ်လုယက်
DVB
·
July 14, 2017
မိုးနဲတွင် သံဃာတော်အားသတ်ပြီး ဆိုင်ကယ်လုယက်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ညက အုတ်ဖိုကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား သတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မိုးနဲမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဇူလိုင် ၁၂ ရက် ည ၈ နာရီလောက်က  မိုးနဲဆေးရုံမှာ ပျံလွန်တော်မူပြီးဖြစ်တဲ့ သံ ဃာတော်တပါး ရုပ်ကလပ်အလောင်း ရောက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူတွေက အကြောင်းကြားတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ ဒဏ်ရာနဲ့ ပျံလွန်နေတာတွေ့ရတယ်လို့ မိုးနဲမြို့နယ် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာအနေအထားကတော့ ၂ နေရာပေါ့နော်၊ ဘယ်ဘက်ချိုင်းအောက်နဲ့ ညာ ဘက်ချိုင်းအောက်။  ဖောက်ဝင်ဒဏ်ရာနဲ့၊ ချွန်ထက်တဲ့အရာနဲ့ ထိုးတယ်လို့ အကြမ်းဖျင်း ယူဆ ပါတယ်၊ အခုလောလောဆယ် ဆရာဝန်ဆေးစစ်စာမထွက်သေးတော့ ဒါလောက်ပဲပြော လို့ရမယ်။  ဆေးရုံသွားပြီးတဲ့နောက် အခင်းဖြစ်တဲ့နေရာကိုသွားကြည့်တယ်၊ မိုးတွေတအားရွာပြီး တောလမ်းလည်းဖြစ်တော့ ဘာမှစစ်ဆေးလို့မရဘူး၊  နောက်တနေ့မနက် အလောင်းစတွေ့တဲ့ ကို ရင်လေး ၂ ပါးနဲ့အတူထပ်သွားကြည့်တယ်၊ ပတ်ဝန်းကျင်အနေအထားတွေ သွားကြည့်တာပေါ့၊ တရားခံကို အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။”

မိုးနဲမြို့ အုတ်ဖိုကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးကေလာသ  (သက်တော် ၃၀ ၀ါတော် ၁၀ ၀ါ) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်းက ၀မ်ဖူးလျံရွာကို ဆိုင်ကယ်သွားဝယ်တဲ့ ကိုရင်လေး ၂ ပါးကို လမ်းခရီးမှာ ဆိုင်ကယ်နဲ့ သွားရောက်စောင့်ကြိုစဉ် အသတ်ခံရပြီး ကိုယ်တော် စီးသွားတဲ့ ဆိုင်ကယ်ပါ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးနဲမြို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန်ကတော့ ဆရာတော်ကို သတ်သူလို့ သံသယရှိတဲ့ လူငယ်တဦးကို ၀မ်ဖွေးလျံရွာသားတွေက အဲဒီညက ၀ိုင်းဝန်းဖမ်းဆီးထားတဲ့အကြောင်း၊ သူ့ကို ရဲတွေလည်း လာစစ်သွားပြီဖြစ်ပေမယ့် ဖမ်းဆီးအယူတာမရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီညက အခင်းမဖြစ်ခင် ဦးဇင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မသင်္ကာစရာ လူငယ်တယောက်ကို ဖွေးလျံရွာသားတွေ ဖမ်းထားတယ်လို့ ကြားတယ်။ ၀မ်ကျစ်ရွာသား၊ အသက် ၁၄  နှစ်ပဲရှိသေးတယ်။ သူ့ကို မနေ့က ရဲတွေသွားစစ်ပြီးပြီ။ ဒါပေမယ့် သက်သေတွေ ဘာတွေ မခိုင်လုံသေးလို့ထင်တယ်၊ ဖမ်းသွားတာမရှိဘူး။ အခုအဲဒီကောင်လေးက ရွာသားတွေ လက်ထဲမှာပဲ။”

မိုးနဲမြို့မှာ မူးယစ်ဆေးစွဲပြီး လုယက်မှု၊ ခိုးမှုတွေ မကြာခဏဖြစ်နေကြောင်း၊ စိတ်ကြွဆေးကိုလည်း အလွယ်တကူ ၀ယ်ယူသုံးစွဲနေကြရာမှာ လူ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက်က စိတ်ကြွဆေးသုံးတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

အခု ဦးဇင်း အသတ်ခံရတဲ့ ကိစ္စမှာလည်း ဦးဇင်းဟာ ဘယ်သူနဲ့မှ ပြဿနာမရှိဘဲ ကျောင်းက ကိုယ်ရင်တွေ ပညာတတ်ရေး အစဉ်အားပေးဆောင်ရွက်ကာ ဒကာတွေက လည်းအထူးကြည်ညိုကြောင်း၊ ဒါကြောင့် မူးယစ်ဆေးစွဲသူက ဆေးဖိုးလိုအပ်လို့ လူသတ်ပြီး ဆိုင်ကယ်လုသွားတာဖြစ်နိုင်တယ်လို့  ဒေသခံတွေ ခန့်မှန်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013