DVB Logo
Home
မြန်မာသတင်း
မိုးဆက်ရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ်စိုးရိမ်စရာရှိနေဟု မိုးဇလတာဝန်ရှိသူပြော
DVB
·
July 14, 2017
မိုးဆက်ရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ်စိုးရိမ်စရာရှိနေဟု မိုးဇလတာဝန်ရှိသူပြော
Donate to DVB

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ င၀န်မြစ်ရေကြီးနေပြီး  ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန် ၊ ငသိုင်းချောင်း၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊မုံရွာ စတဲ့ မြို့တွေမှာ စိုးရိမ်ရေမှတ်ကျော်လွန်နေတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင်၁၄ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေက ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၂ပေ၇လက်မခန့်၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တို့မှာ စိုးရိမ်ရေအမှတ်အသီးသီးရဲ့ အထက်ကိုကျော်လွန်နေဆဲဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ မော်လိုက်မြို့မှာတော့ စိုးရိမ်ရေအမှတ် ၁၂၃၀ အထက်ကို ၇ပေ ၃လက်မခန့်မြင့်တက်နေပြီး ကလေးဝမှာတော့ စိုးရိမ်ရေအမှတ်ထက် ၆ပေကျော်နဲ့ မြစ်သာမြစ်ရေက စိုးရိမ်ရေအမှတ်ထက် ၆ ပေခန့် အသီးသီးမြင့်တက်နေပါတယ်။

မုံရွာမြို့မှာလည်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက အများဆုံး ၁၀၆၄ စင်တီမီတာထိ သာ မြစ်ရေ ရောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ နောက်ဆုံးတိုင်းတာချက်အရ ၁၀၇၅ စင်တီမီတာထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

မုံရွာမြို့အနေနဲ့ လာမယ့် ဇူလိုင်လ ၁၈ ရက် နေ့အထိ စောင့်ကြည့်သွားဖို့လိုပြီး အများဆုံး ၁၁၀၀ စင်တီမီတာထိရောက်ရှိနိုင်တယ်လို့ တိုင်းဒေသကြီးမိုးဇလက ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်းမိုးဇလဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက “လောလောဆယ်တော့ မိုးကတော့မော်လိုက်၊ ကလေးဝကလွဲရင် ကျန်တဲ့ဆီက နည်းသွားပြီ။ မြစ်ရေကတော့ မုံရွာအနေနဲ့ပြောရမယ်ဆိုရင် တက်နှုန်းကမငြိမ်ဘူးဗျ။ ၁၁ ရက်ကနေ ၁၂ ရက်ထိ တစ်ရက်လုံးမှ ၅ စင်တီမီတာပဲတက်တယ်။ တခါ ၁၂ ရက်ကနေ ၁၃ ရက်ထိကျတော့ ၁၃ စင်တီမီတာထိ တက်လာပြန်တယ်။ ခုထိကတော့ တက်နှုန်းကနှေးတော့နှေးလာတယ်။”လို့ပြောပါတယ်။

ဒါပေမယ့် မုန်တိုင်းဖြစ်ပေါ်လို့ မိုးဆက်ရွာလာမယ်ဆိုရင်တော့ မြစ်ရေကြီးမှု အခြေအနေဟာ စိုးရိမ်စရာရှိတယ်လို့လည်းပြောပါတယ်။

"ဘင်္ဂလားပင်လယ်ပြင်မှာ မုန်တိုင်းတို့၊ လေဖိအားနည်းရပ်ဝန်းတို့မဖြစ်ပေါ်ဘဲ မိုးမရွာတော့ဘူးဆိုရင်တော့ နောက်၅ ရက်လောက်ထိစောင့်ကြည့်ရမယ်။ ခန့်မှန်းချက်အတိုင်းဆို ၁၁၀၀ စင်တီမီတာထိရောက်လာနိုင်တယ်။ နောက်ထပ် အနည်းဆုံး ၆လက်မကနေ အများဆုံး ၁ပေထိဆက်မြင့်တက်လာနိုင်တယ်။ခုတိုင်းက ရာသီဥတုက မုတ်သုန်ရာသီပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် လေဖိအားနည်းရပ်ဝန်းတို့၊ မုန်တိုင်းတို့ပေါ်လာလို့ မိုးဆက်ရွာလာမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အနေအထားရှိတယ်။ မြို့တွေမှာက ကျောက်စီမြေထိန်းနံရံနဲ့ဆိုတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် နိမ့်တဲ့နေရာတွေ၊ မြေသားနဲ့လုပ်ထားတဲ့ တာရိုး၊ တာဘောင်တွေအနေနဲ့တော့ သက်ဆိုင်ရာက ကြည့်ရှုစစ်ဆေးပြီး သဲအိတ်တွေပြင်တာတို့ ဘာတို့ လုပ်ထားသင့်တယ်” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိမှာ ချင်းတွင်းမြစ်တစ်လျှောက် မုံရွာမြို့ကလွဲရင် မြို့အားလုံးလိုလိုက မြို့ထဲရပ်ကွက်တွေထိ ရေဝင်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ကနီမြို့ရဲ့ စိုးရိမ်ရေအမှတ်က ၁၂၇၀ဖြစ်ပြီး ကနီမြို့ထဲကို ရေတွေဝင်ရောက်နေပြီဖြစ်ပေမယ့် စိုးရိမ်ရေအမှတ်ထက် ၁ပေကျော်ရုံသာရှိသေးတာပါ။

ဒါပေမယ့် ကနီမြို့က စိုးရိမ်ရေအမှတ်သတ်မှတ်ချက်ကလည်း လက်တွေ့နဲ့ ကွဲလွဲမှုရှိနေတာကြောင့် ရေကျသွားတဲ့အချိန်ကျရင် ပြန်လည်တိုင်းတာပြီး ပြင်ဆင်သတ်မှတ်ဖို့လို တယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ မြစ်ရေကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ကမ်းတစ်လျှောက် လယ်ယာမြေစိုက်ခင်းဧက ၁၇၀၀၀ ခန့်ရေနစ်မြုပ်နေပြီး လူပေါင်း ၁၅၀၀၀ လောက် ရေဘေးဒုက္ခကြုံတွေ့နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013