DVB Logo
Home
မြန်မာသတင်း
CEIR ဖုန်းမှတ်ပုံတင်စနစ် နားမလည်၍ ဖုန်းပိတ်ခံရမည်ကို ပြည်သူများ စိုးရိမ်နေ
ဝေဝေ
·
April 1, 2026
Photo:DVB
Photo:DVB
Donate to DVB

စစ်ကောင်စီက ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်ဒေတာတွေကို စောင့်ကြည့်ခြေရာခံနိုင်ဖို့ စီမံလုပ်ဆောင်ထားတဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register –CEIR) စနစ်ကို ပြည်သူအများစုက နားမလည်ဘဲ နောက်ဆက်တွဲ မိုဘိုင်းဖုန်း (ဟမ်းဆက်) တွေ ပိတ်သိမ်းခံရမှာကို စိတ်ပူပန်နေကြပါတယ်။

အခွန်ကောက်ခံဖို့ အကြောင်းပြချက်နဲ့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဖုန်းတွေအားလုံးရဲ့ မူရင်းအမှတ်အသား IMEI နံပါတ်တွေဖြည့်ကာ  CEIR စနစ်ထဲ ရောက်ရှိနေဖို့လိုအပ်ကြောင်း၊ ဧပြီ ၁ ရက်က စတင်ကာ မိုဘိုင်းဖုန်း ဟမ်းဆက်တွေကို အခွန်ကောက်ခံတော့မှာ ဖြစ်ကြောင်းနဲ့ ဧပြီလ ကုန်တဲ့အခါမှာတော့ CEIR စနစ်ထဲမှာ မရှိတဲ့ မိုဘိုင်းဟမ်းဆက်တွေက ပိတ်သိမ်းခံရမှာဖြစ်ကြောင်း  စစ်ကောင်စီက ထုတ်ပြန်သတိပေးထားပါတယ်။ 

တိကျရှင်းလင်းတဲ့ ထုတ်ပြန်ချက် မဟုတ်တဲ့အတွက် လူအများစုက နားမလည်နိုင်ဖြစ်နေသလို အင်တာနက်နဲ့ ဖုန်းလိုင်းရရှိဖို့ ခက်ခဲတဲ့ဒေသက ပြည်သူတွေက ဒီစနစ်ကို ရှိနေကြောင်းကိုတောင် မသိတဲ့သူတွေ ရှိနေပါတယ်။ 

စစ်ကိုင်းတိုင်းနေ ပြည်သူတယောက်က “အင်တာနက်တွေ ဖုန်းတွေ ဖြတ်တောက်ခံနေရတဲ့ နေရာ တွေက လူတွေ ဆိုလို့ရှိရင် ဒီစနစ်ကို လိုက်နာဖို့ကအတွက် မလွယ်ပါဘူး။ ဒီစနစ်အတွက် ဘာတွေ အရေးကြီးတယ်၊ ဘာတွေဖြစ်တုန်း ဆိုတဲ့ ဟာကိုလည်း တော်တော် နည်းပညာနဲ့ အလှမ်းဝေးနေတဲ့ သူတွေကတော့ မသိဘူး။ သိဦးတောင်မှ ကျနော်တို့တွေ လုပ်တတ်ဦးမှာမဟုတ်ဘူး။ တချို့ဆို CEIR ဘာမှန်းတောင် မသိကြဘူး။ IMEI လည်း မသိဘူး၊ မှတ်ပုံတင်ရမယ်ဆိုတာလည်း မသိဘူး။ ဘယ်လို လုပ်ရတုန်းဆိုတာလည်း မသိဘူး။ မကျေနပ်ကြဘူးပေါ့နော်။ စကစ လက်အောက်မှာ သူတို့ လုပ်ချင်ရာ လုပ်နေတာပဲလေ။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ privacy တွေ ချိုးဖောက်ခံနေရတာ အကြာကြီးပဲ။ တကယ်တမ်းဆိုလို့ရှိရင် သူတို့တွေအနေနဲ့ ဒီစနစ်ကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြပြီးတော့ awareness တွေ များများလုပ်ပြီးတော့ ဖြစ်သင့်တာပေါ့လေ” လို့ ပြောပါတယ်။

မိုဘိုင်းဖုန်း ဟမ်းဆက်တွေမှာ ဖုန်းဆင်းကတ် ၁ ကတ်ပဲ ထည့်သွင်းအသုံးပြုရတဲ့ Single SIM နဲ့ နှစ်ကတ်ထည့်သုံးလို့ရတဲ့ Duel SIM  ဖုန်းတွေရှိပါတယ်။ ဒီလိုမျိုး ဆင်းကတ် နှစ်ကတ်ထည့် အသုံးပြရတဲ့ Duel SIM  ဖုန်းရဲ့ IMEI နံပါတ်က နှစ်ခုဖြစ်နေပြီး ဆင်းကတ်တခုတည်းနဲ့သာ အသုံး ပြုနေခဲ့မယ်ဆိုရင် e SIM လျှောက်ပြီး နောက်ထပ် ဆင်းကတ်တခု ဝယ်ယူ အသုံးပြုရတာမျိုး ဖြစ်ပါတယ်၊ CEIR စနစ်ထဲကိုတော့ Duel SIM  ဖုန်းကိုင်ဆောင်သူတွေအနေနဲ့ ဆင်းကတ်နှစ်ခု စလုံး အသုံးပြုနေကြောင်း သက်သေခံဖို့ လိုအပ်တာဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ မတ်လ နောက်ဆုံးပတ်မှာတော့ e SIM လျှောက်ထားဝယ်ယူဖို့  မိုဘိုင်းဖုန်းဆိုင်တွေနဲ့ ဆင်းကတ်အရောင်းဆိုင်တွေမှာ လုယက်တန်းစီနေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ လူငယ်တယောက်က “ကျနော်က တင်ပြီးသားဆိုတော့ အိမ်ကတချို့ လူကြီးတွေကို လည်း ဒီလိုမျိုး ဆင်းကတ်ထည့်သုံးခိုင်းတာပဲပေါ့လေ။ ဆင်းကတ်ထည့်သုံးလိုက်ရင် တင်ပြီးသား ဖြစ်သွားမယ်၊ ဖုန်းအသစ် မဝယ်မချင်း အဆင်ပြေတယ်။ အဲ့လိုမျိုးပဲ ကျနော်ကတော့ ပြောထားတယ်။ အခုပြဿနာက ဒီလက်ရှိ မြို့ပြတွေမှာတောင်မှ လူငယ်တွဖြစ်တဲ့ ကျနော်တို့ တောင် သေချာနားမလည်ဖြစ်နေတဲ့ ခုနကလိုမျိုး eSIM က iOS ပဲလား Android တွေရော ထည့်ရမှာလား စသည်ဖြင့်ပေါ့လေ။ ဟို ဘယ်လိုလုပ်ရမလဲဆိုတာ သေချာ ဂဃနဏ မသိဖြစ်နေ တော့ နယ်ဘက်တွေ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာဆို ပြည်သူတွေဆိုရင်တော့ ပိုဆိုးမယ် ထင်တယ်။ လကုန်ခါနီးနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ လူတွေ တန်းစီပြီးတော့ အဲ့ဒီ eSIM ကို အလုအယက်ပြောင်းနေ တိုးနေကြတာ အဓိကကတော့ သေချာနားမလည်လို့ပေါ့လေ” လို့ ပြောပါတယ်။

အမှန်တကယ်က မိုဘိုင်းဖုန်း ဟမ်းဆက် ဝယ်ယူထားပြီး  ကွန်ရက်ချိတ်ဆက် အသုံးပြုလက်စရှိတဲ့ သူတွေကတော့ အလိုအလျှောက် မှတ်ပုံတင်စနစ်ထဲ ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဧပြီလ ၁ ရက်‌နောက်ပိုင်း တရားမဝင်လမ်းကြောင်းတွေက ရောက်ရှိလာတဲ့ ဖုန်းဟမ်းဆက်တွေကို ဝယ်ယူထားသူတွေကတော့ CEIR စနစ်ထဲ ဝင်ရောက်စစ်ဆေးကာ ကုန်သွယ်ခွန်၊ အကောက်ခွန်နဲ့ ဒဏ်ကြေးတို့ ပေးဆောင်ရမှာဖြစ်ပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013