ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်မတော်တဆတိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရ
DVB
·
July 14, 2017

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဒီကနေ့ မနက် ၇ နာရီကျော်လောက်က ဘားအံဂေါက်ကွင်းအနီး လှိုင်းဘွဲ့ကားလမ်းပေါ်မှာ မော်တော်ကား မတော်တဆဖြစ်ပွားလို့ ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုက “ဘယ်ဘက် ခြေသလုံးကျိုးတယ်။ စိုးရိမ်စရာမရှိပါဘူး။ ဘားအံဆေးရုံမှာ၊ လမ်းလျှောက်လို့မရဘူး။ ကျောက်ပတ်တီးကိုင်ရမယ်။ ကျနော်တို့ လှိုင်းဘွဲ့လမ်း ဂေါက်ကွင်းရောက်ခါနီးနားမှာ ကားတိုင်းရော့ပြုတ်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကားပေါ်မှာ ဝန်ကြီးချုပ်နဲ့အတူ သူ့ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားမောင်းသမား အပါအဝင် စုစုပေါင်း ၃ ဦး လိုက်ပါသွားတာဖြစ်ပါတယ်။
ဒီကနေ့မနက် တောင်ကလေးဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ပွဲ ပါရမီတံတားဖွင့်ပွဲကိုအသွား လမ်းမှာ မတော်တဆဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားဖွင့်ပွဲကိုတော့ ပြည်နယ်ဝန်ကြီးတွေနဲ့သာ ကျင်းပခဲ့ရပါတယ်။