
မြန်မာအစိုးရသစ်အနေနဲ့ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု အခွင့်အလမ်းကို မေ့နေတယ်လို့ Earth Rights International နဲ့ မြန်မာပြန်ပြည့်မြဲစွမ်းအင်အသင်းတို့က ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရမယ့် အခွင့်အလမ်းကြီးနဲ့ ရေလိုက်လွဲနေပြီး ကျောက်မီးသွေးနဲ့ ကြီးမားတဲ့ ဆည်စီမံကိန်းတွေကနေသာ စွမ်းအင်ထုတ်လုပ်ဖို့သာ ပစ်မှတ်ထား အာရုံစိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က နေပြည်တော်မှာ လျှပ်စစ်စွမ်းအင်ဌာနက တာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့တွေ နိုင်ငံတကာအဖွဲ့တွေက ပြန်ပြည့်မြဲ စွမ်းအင်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင်အသင်းက ဦးအောင်မြင့်က “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့အညီပြုမူပြီး ပြန်ပြည့်မြဲစွမ်းအင်ကို နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ အားပေးအားမြှောက်လုပ်ဖို့လိုတယ်၊ အစိုးရအနေနဲ့ ပြည်သူနဲ့အတူဖြစ်ချင်တယ်ဆိုတာမှန်ရင် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မဟာ ဓာတ်အားလိုင်းတိုးချဲ့မယ့် စီမံချက်တွေနဲ့ ပတ်သက်တဲ့ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆုံးဖြတ်ချက်မချခင် နားထောင်ပေးဖို့ ဆန္ဒရှိကြောင်း သက်သေပြဖို့ လိုတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
တက်ရောက်ခဲ့တဲ့သူတွေကလည်း မြန်မာနိုင်ငံအတွက် သန့်စင်မျှတတဲ့ စွမ်းအင်ဖွံ့ဖြိုးရေး မျှော်မှန်းချက် အမည်နဲ့ ဇူလိုင် ၁၃ ရက်နေ့က ရန်ကုန်မြို့ ဂရင်းဟေးဟိုတယ်မှာ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဂျာမနီနိုင်ငံက ပြန်ပြည့်မြဲစွမ်းအင် ပညာရှင် ဟန်ဂျိုးဇက်ဖဲနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။











