DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော်တွင်တင်သွင်း
DVB
·
July 13, 2017
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော်တွင်တင်သွင်း
Donate to DVB

 

ဝေဖန်မှုတွေများနေတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဇူလိုင် ၁၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက တင်သွင်းလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ ရရှိနိုင်ဖို့နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အသုံးပြု သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အကာအကွယ် ပေးနိုင်ဖို့ရည်ရွယ်ပြီး ဆက်သွယ်ရေး ဥပဒေကိုရေးဆွဲပြဌာန်းခဲ့တာ ဖြစ်ပေမယ့် ဥပဒေပါ  ပုဒ်မ ၆၆(ဃ)ကိုသုံးပြီး ပုဂ္ဂိုလ်တွေကြား တရားစွဲတာတွေ တနေ့တခြား များလာတယ်လို့ ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

“အခုအဆိုတင်တာသည် ၆၆(ဃ) ကို ဖျက်တာမဟုတ်ဘူး။ ဒါပေမယ့် တရားစွဲ၊ အာမခံ ပေးနိုင်အောင်အတွက် တရားစွဲဆိုခံရတဲ့သူက မတရားစွဲဆိုခံရတာဖြစ်တဲ့အခါကျ သူ့မှာ ထုချေပိုင်ခွင့် လွတ်လွတ်လပ်လပ်အာမခံလုပ် နိုင်ဖို့အတွက်ရည်ရွယ်တာပေါ့။ နဂိုမူလ ရည်ရွယ်ချက်က အကာအကွယ်ပေးဖို့ပဲ၊ မတရားအသေရေဖျက်မှု ဥပဒေတွေ ဘာတွေကို အကာအကွယ်ပေးဖို့ လုပ်တာ၊ ဒါပေမယ့် ဒီဘက်ပိုင်းမှာ တဖြည်းဖြည်းတော်တော်လေး များလာပြီးတော့ အများပြည်သူတွေကလည်း ဒီဟာအပေါ် အာရုံစိုက်ပြီး ပြောဆိုလာတဲ့ အခြား လအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အစပြောဆိုလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာ”

ပြင်ဆင်ချက် ဥပဒေမူကြမ်းအရ တရားစွဲခံရသူအနေနဲ့ အာမခံရရှိမှာဖြစ်သလို တဖက်တိုင်ကြားတဲ့ သူဟာ နစ်နာသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခံရသူကသာ တရားစွဲဆိုရတော့မှာဖြစ်ပါတယ်။

အာမခံပေးနိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်သည်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ ဒုဝန်ကြီး ဦးကျော်မျိုးက အခုလို ပြောပါတယ်။

“မျှမျှတတ ဥပဒေနဲ့ ချင့်ချိန်သုံးသပ်နိုင်အောင်အတွက် နိုင်သည်လို့ ပြောထားတာ။ တချို့အမှုတွေ မှာကျ serious ဖြစ်တဲ့အမှုမျိုး၊ အဲဒါမျိုးဆိုရင်တော့ တရားသူကြီးရဲ့ သူ့ရဲ့ ဥပဒေနဲ့အညီ သုံးသပ်ပြီးဆောင်ရွက်နိုင်ဖို့ အတွက်ကို နိုင်သည်လို့ ထည့်ထားတာဖြစ်တယ်။ ရသည်ဆိုရင်တော့ တချို့အမှုတွေကျတော့ တကယ်ကို ထင်ထင်ရှားရှားကြီးကို ဖြစ်နေတဲ့ဟာမျိုးဆို အာမခံပေး ရမယ်ဆို သူ့အနေနဲ့ ချင့်ချိန်လို့မရဘူးဖြစ်နေမှာစိုးလို့၊ တရားသူကြီးရဲ့ တရားဥပဒေဘောင် အတွင်းက လုပ်ပိုင်ခွင့်အတွင်းမှာ ဆုံးဖြတ်နိုင်ဖို့အတွက် လုပ်ပေးထားတာပါ”

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်မူတည်ပြီး ဘယ်လို အပြောင်း အလဲဖြစ်လာမလဲ တော့ မသိသေးဘူးလို့ ဦးကျော်မျိုးက ပြောပါတယ်။

ဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဖိတ်သင့်တဲ့သူတွေဖိတ်ကြားပြီး တပတ်အတွင်း ကြားနာပွဲလုပ်သွားမယ်လို့လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌကလည်း ပြောကြားထားပါတယ်။

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ အောက်တိုဘာ ၁၃ ရက်က အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းပြီးချိန်က စလို့ခုချိန်ထိ  ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရမှုပေါင်း ၆၀ ကျော်ရှိခဲ့ပါတယ်။

ဒီဥပဒေကို ပြင်ဆင်ဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးပမ်းလာတာ ကို အသိအမှတ်ပြုပေးမယ့် ပြင်ဆင်တဲ့ အချက်တွေဟာ ပြည့်စုံလုံလောက် ကောင်းမွန်ခြင်းမရှိ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့လူ့အခွင့်ရေးထိခိုက်တဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးလို့  အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ပါဝင်တဲ့  “ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် လှုပ်ရှားမှု ပူးပေါင်းအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013