DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ကျောက်မီးသွေးတူးဖော်မှုကြောင့် အဆုတ်နာရောဂါဖြစ်နှုန်း မြင့်တက်ဟုဆို
DVB
·
July 13, 2017
သီပေါတွင် ကျောက်မီးသွေးတူးဖော်မှုကြောင့် အဆုတ်နာရောဂါဖြစ်နှုန်း မြင့်တက်ဟုဆို
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုထဲမှာ ကျောက်မီးသွေး တူးဖော်မှုလုပ်ငန်းတွေကြောင့် ရွာသားတွေကြား တီဘီလို့ခေါ်တဲ့ အဆုတ်နာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

နမ္မအုပ်စု နားကွန်၊ ၀မ်လုံနမ္မ၊ နောင်နွေးနဲ့ နားကွန်နွဲ့ စတဲ့ရွာက ရွာသား ၁၀ ဦးဟာ လောလောဆယ် သီပေါဆေးရုံမှာ ဆရာဝန်ချိန်းတဲ့အတိုင်း ပုံမှန်သွားရောက်ပြသနေရပြီး၊ သူတို့ ဒီလိုဖြစ်ရတာဟာ ရွာအနီးရှိ ကျောက်မီးသွေးတွင်းကလာတဲ့ အနံ့အသက်ဆိုးတွေကြောင့် ဖြစ်ကြောင်း ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ဒီဗွီဘီကို ပြောပါတယ်။

“ရွာသားတွေက သူတို့ဟာ ကျောက်မီးသွေးတွင်းကလာတဲ့ အနံ့အသက်တွေ ရှူရှိုက်မိလို့ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာလို့ ပြောတယ်။ ပြီးတော့ ကျောက်မီးသွေးတင်တဲ့ ကားကြီးတွေ ဖြတ်သွားရင်လည်း အဲဒီကဖုန်မှုန့်တွေ၊ သဲမှုန့်တွေ ရွာထဲကျန်ခဲ့တယ်လို့ ပြောပါတယ်။  အရင် ကျောက်မီးသွေးလာမတူးခင်ကဆို ဒီရောဂါမျိုးသိပ်မဖြစ်ကြဘူးတဲ့၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ဖြစ်လာကြတယ်။ နားကွန်ရွာက အမျိုးသမီးတယောက်ဆို ချောင်းတအားဆိုးပြီး လွန်ခဲ့တဲ့ ၂ လ လောက်က သေဆုံးသွားတယ်။ ဒါပေမယ့် သူတို့ကဆင်းရဲတော့ မြို့တက်ပြီးဆေးမကုနိုင်ဘူး။ သူဆုံးတော့ သူ့ယောက်ျားပါ အခုချောင်းဆိုးနေတယ်။”

နမ္မအုပ်စု နားကွန်နဲ့ ပန်ငါးကျေးရွာမှာ ငွေရည်ပုလဲကုမ္ပဏီက လွန်ခဲ့တဲ့ ၂၀၀၄ ကစလို့ ကျောက်မီးသွေး တူးဖော်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ နောက်ထပ်လုပ်ငန်းတိုးချဲ့တူးဖော်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ရွာထဲမှာ အခုလိုကျန်းမာရေးထိခိုက်မှုရှိတာကြောင့် သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းကိုရပ်တန့်ပေးဖို့ ရွာသားတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း၊   ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ရွာသားပေါင်း ၂၅၀ ခန့် ကုမ္ပဏီမန်နေဂျာကို သွားရောက်တွေ့ဆုံကာ  ကျောက်မီးသွေးတွင်းဟောင်းကို မြေပြန်ဖို့ပေးဖို့နဲ့ တွင်းသစ်တွေဆက်လက်တူးဖော်ခြင်းမပြုဖို့ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

ကုမ္ပဏီက လာမယ့် ၂၀၁၈ နှစ်ကုန်ပိုင်းမှာ လုပ်ငန်းရပ်တံ့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ရွာသားတွေဆီတရားဝင်လာပြောတာ မရှိသေးကြောင်း၊ ဒီလုပ်ငန်းတွေ မရပ်တန့်ဘူး ဆိုရင်တော့ ဒေသတွင်း ရောဂါကူးစက်မှုတွေ ပိုများလာမှာဖြစ်သလို သဘာ၀၀န်းကျင် ပျက်စီးဆုံးရှုံးကာ ကျေးလက်ပြည်သူတွေရဲ့ လူမှုစီးပွားရေးတွေလည်း ထိခိုက်လာမှာဖြစ်တယ်လို့ စိုင်းဟော်ရှဲန်က ပြောသွားပါတယ်။

သီပေါက ရွာသားတွေ တီဘီဖြစ်တာနဲ့ ပတ်သက်ပြီး သီပေါ ဆေးရုံနဲ့ ကျောက်မဲခရိုင်ဆေးရုံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေပါ ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိပါဘူး။

အမည်မဖော်လိုသူ ကျောက်မဲမှ ဆရာဝန်တဦးကတော့ “ကျောက်မီးသွေးရယ်လို့တော့ မဟုတ်ဘူး၊ မိုင်းတွင်းလုပ်သားတွေက တီဘီအဖြစ်များတယ်လို့ ယူဆပါတယ်။ ကျောက်မီးသွေး ကြောင့် ဖြစ်တယ်လို့တော့ ကျနော်တို့ ယတိပြတ်ပြောလို့မရဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013