
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာမှာ တီအန်အယ်လ်အေတပ်ဖွဲ့က ရွာသား ၁၆ ဦးနဲ့ ကျောင်းဆရာမတဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် ည ၁၂ နာရီအချိန်က တီအန်အယ်လ်အေတပ်ဖွဲ့ဝင် အင်အား ၁၅ ဦး လောက်ဟာ အရပ်ဝတ်နဲ့ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ပြီး ရွာသား ၁၆ ဦး နဲ့ ကျောင်းဆရာမ တဦးကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်တာမဟုတ်ဘဲ အစည်းအဝေးခေါ်ယူတာဖြစ်ကြောင်း၊ သူတို့ကို အဲဒီညကဘဲ ပြန်လွှတ်ပေးလိုက်ပြီလို့ ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ကို ဖမ်းတာ မဟုတ်ပါဘူး။ ခေါ်ယူဆွေးနွေးတာပါ။ အဲဒီနေ့က မန်ပူးရွာမှာ အစိုးရတပ်က စခန်းလာချတယ်။ ဆိုတော့ ကျနော်တို့ အဲဒီရွာမှာ အစည်းဝေးလုပ်လို့မရဘူး။ ဒါကြောင့် လူထုတွေ ရပ်မိရပ်ဖတွေကို စခန်းကိုခေါ်သွားတာ၊ စည်းရုံးရေးအကြောင်းပြောတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအကြောင်းလည်း ပါတယ်ပေါ့။ အဲဒီဘက်မှာ မူးယစ်ဆေးဝါးက တော်တော် အခြေအနေ ဆိုးတယ်လေ၊ ပြီးတာနဲ့ အဲဒီညဘဲ ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် မိုးချုပ်တော့ အမျိုးသမီးတွေက မပြန်ရဲလို့ နောက်နေ့မှ ပြန်ကြတယ်။”
တီအန်အယ်လ်အေဟာ ရွာသားတွေကို အခုလိုဘဲ မကြာခဏခေါ်ယူတွေ့ဆုံဆွေးနွေးလေ့ ရှိကြောင်း၊ ဇူလိုင် ၈ ရက်နေ့တုန်းက ရွာသားတွေဟာ တီအန်အယ်လ်အေတပ်ဖွဲ့ဝင်တွေနဲ့အတူ တစ်နာရီကြာ ခြေလျင်ခရီးလျှောက်သွားရပြီး တွေ့ဆုံဆွေးနွေးမှု နာရီပိုင်းလောက်ကြာမြင့်ကာ အပြန်မှာတော့ ရွာသားတွေက သူတို့ဖာသာ ပြန်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။
ရွာသားတွေ အမှန်တကယ် ပြန်လည်ရောက်လာခြင်းရှိမရှိကိုတော့ ရွာသားတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ခေါ်ဆောင်သွားခံရတဲ့ ရွာသူရွာသားတွေကတော့ မန်ပူးကျေးရွာနေ ဦးခင်မောင်လှ၊ ဦးကျော်တေ၊ ဦးပန်ဆွေ၊ ဦးညီအောင်၊ ဦးကျော်ထာ၊ ဦးကျော်ဝိုင်း၊ ဦးရေကြာ၊ ဦးငွေထွန်း၊ ဦးတားခိုင်မောင်၊ ဦးငေ့ကျော်၊ ဒေါ်ပန်လင်း၊ ဒေါ်အန်၊ ဒေါ်အေးပွဲ၊ ဒေါ်အောက်လှိုင်၊ ဒေါ်အယ်ဝေါင်၊ မအိုင်ပီနဲ့ ကျောင်းဆရာမဖြစ်သူ ဒေါ်အပိန် တို့ဖြစ်တယ်လို့သိရပါတယ်။
တီအန်အယ်လ်အေနဲ့ မြန်မာ့တပ်မတော်တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ နေ့ အတောအတွင်း မိုးမိတ်၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ-PSLF











