DVB Logo
Home
မြန်မာသတင်း
ငဝန်မြစ်ကမ်းပါး ပြိုကျ၊ လူနေအိမ် ၆၀ ကျော်နှင့် ဘုန်းတော်ကြီးကျောင်း အရေးပေါ်ရွှေ့ပြောင်း
DVB
·
July 13, 2017
ငဝန်မြစ်ကမ်းပါး ပြိုကျ၊ လူနေအိမ် ၆၀ ကျော်နှင့် ဘုန်းတော်ကြီးကျောင်း အရေးပေါ်ရွှေ့ပြောင်း
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် စစ်ကုန်းကျေးရွာအုပ်စုထဲက သဒ္ဓမ္မကျွန်းကျေးရွာ၊ နောက်မီးကျေးရွာအုပ်စုထဲက ဂျိုးကုန်းကျေးရွာ စတဲ့ကျေးရွာတွေမှာ ငဝန်မြစ်ကမ်းပါး ပြိုကျနေလို့ လူနေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်း အရေးပေါ်ရွှေ့ပြောင်းနေကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က ငဝန်မြစ်ကမ်းပါး စတင်ပြိုကျနေဖြစ်ပြီး ခုဇူလိုင်လတွင်း ပြိုကျနှုန်းက မြန်တဲ့အတွက် စစ်ကုန်းကျေးရွာ အုပ်စုထဲက သဒ္ဓမ္မကျွန်းကျေးရွာမှာ ခုလတွင်း လူနေအိမ် ၆၂ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းနေကြတာပါ။

ခုလိုဆက်ပြီး ကမ်းပါးပြိုကျနေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် အဲကျေးရွာမှာ လူနေအိမ် ၆၅ လုံး ဆက်ရွှေ့ပြောင်းရမဲ့ အခြေအနေနဲ့ ကြုံတွေ့နေပါတယ်။

အင်္ဂပူမြို့နယ် စစ်ကုန်းကျေးရွာအုပ်စု သဒ္ဓမ္မကျွန်းကျေးရွာနေ ဦးခင်စန်းက “ဒီမြို့တွင်း ရပ်ကွက်ဆိုရင် တော်တော်အခြေအနေဆိုးဆိုးတွေ များပါတယ်။ ကျနော်တို့ကတော့ ကျောင်းပဲ လုံးပန်းနေရတာပေါ့။ ရွာကို လှည့်မကြည့်နိုင်ဘူး။ ဗမာလ နယုန်လဆန်းကဆိုတော့ တလ လောက် ရှိသွားပြီ” လို့ ပြောပါတယ်။

ကမ်းပါးပြိုကျနှုန်းမြန်တဲ့အတွက် သဒ္ဓမ္မကျွန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းပါ ရွှေ့ပြောင်းကျရမှာပါ အခုဆို ကမ်းနဲ့ စာသင်ကျောင်းနဲ့က ပေ ၁၀၀ ကျော်လောက်ပဲ ဝေးပါတော့ တယ်။

အင်္ဂပူမြို့နယ် စစ်ကုန်းကျေးရွာအုပ်စု သဒ္ဓမ္မကျွန်းကျေးရွာနေ ဦးအောင်ငွေက “ခုလောလောဆယ်မှာတော့ ပြီးခဲ့တဲ့နှစ်က ပြိုခဲ့တဲ့ ၄၁ ဦးကို ရွှေ့ပြောင်းနေရာချထားပေးဖို့ စီစဉ်ထားပါတယ်။ နောက်ထပ် ပြိုတာ အလုံး ၆၂ လုံး ရှိပါတယ်။ နောက်ထပ်ပြိုရန် အလားအလာရှိတာက ၆၅ လုံးလောက် ရပ်ကွက်ထဲမှာ ရှိပါသေးတယ်။ လောလောဆယ် စိုးရိမ်ရတဲ့ အနေအထားပါ။ အခုလောလောဆယ် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက အင်မတန်မှ နီးကပ်နေတဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဖျက်ရွှေ့ပြောင်းဖို့ လုပ်နေရတယ်။ စာသင်ကျောင်းကတော့ အထက်ကို တင်ပြထားတဲ့အတွက် စာသင်ကျောင်းကတော့ မဖျက်ရသေးပါဘူး။ ဘုန်းကြီးကျောင်းကတော့ ၂ ဆောင်အထိ ဖျက်ပြီးပါပြီ။ နောက်ထပ်လည်း ဖျက်ဖို့အစီအစဉ်ရှိပါတယ်” လို့ ပြောပါတယ်။

ကမ်းပါးပြိုကျနေတဲ့ ကျေးရွာတွေကိုတော့ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးတာတွေနဲ့ ခရိုင်တိုင်းအဆင့်က လူကယ်ပြန်ဌာနက အဲဒေသတွေမှာ ရေဘေးအတွက် ဇာတ်တိုက်လေ့ကျင့်တာတွေ အသိပညာပေး ဟောပြောတာတွေကို ဆက်တိုက်လုပ်ဆောင်ပေး နေပါတယ်။

အင်္ဂပူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က “သဒ္ဓမ္မကျွန်းကတော့ စစ်ကုန်းအုပ်စု ထဲမှာပေါ့နော်။ ကမ်းပြိုတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက နေအိမ်တွေ နည်းနည်းစီ ရွှေ့နေတယ်ပေါ့။ အဲဒီကနေ သတင်းရတော့ သက်ဆိုင်ရာခရိုင်တို့၊ တိုင်းတို့ ဆက်တင်ရပါတယ်။ ကျနော်တို့ မြို့နယ်အနေနဲ့ကတော့ မြို့နယ်အုပ်ချုပ်ရေး ဥက္ကဋ္ဌတယောက် အနေနဲ့ရော မြို့နယ်အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ရော ရွာက ကျေးရွာအုပ်စုတွေနဲ့ ဖွဲ့ပြီး ညွှန်ကြားပြီးတော့ ဒါလေးတွေ ထူးထူးခြားခြားဖြစ်လာခဲ့ရင် အချိန်မီသတင်းပို့ဖို့ ဒါလေးတွေ ကျနော် လုပ်ထားပါ တယ်။ ရွာကလုပ်နိုင်တဲ့ အတိုင်းအတာလေးတွေလည်း ပြည်သူတွေ အခက်အခဲကို ဖြေရှင်းခွင့် ရဖို့ ကျနော်တို့ ချက်ချင်းညွှန်ကြားပါတယ်။ မြို့နယ်ကနေ အစုအဖွဲ့ဖွဲ့ပြီးတော့ ကျနော်တို့ ကွင်းဆင်း စစ်ဆေးကြည့်ပြီးတော့ သူတို့ဆီမှာဖြစ်နေတဲ့ ဥပမာ ဘုန်းကြီးကျောင်းပေါ့။ ရွှေ့ပြောင်းရမယ့် အခြေအနေတွေ။ နောက် စာသင်ကျောင်း ရွှေ့ပြောင်းရမယ့် အခြေအနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက  အိမ်ခြေ ၆၂ အိမ် ရွှေ့ပြောင်းရတဲ့ အခြေအနေ။ ဒါလေးတွေကို ကျနော်တို့ စာရင်းပြုစု ကောက်နေပြီးတော့ နေရေးထိုင်ရေးအတွက် အခက်အခဲမရှိအောင် စီစဉ်ပေးနေပါတယ်။ လက်ရှိတော့ ကျနော် ရွာကို လာပြီးတော့ ကျန်တဲ့အဖွဲ့ဝင် စုံစုံလင်လင်နဲ့ လာကြည့်ပါတယ်။ ပညာရေးဌာနက စာသင်ကျောင်းနဲ့ပတ်သက်လို့ ခွင့်ပြုချက်ရရှိအောင် အမြန်ဆုံး ရွှေ့ပြောင်းနိုင်အောင် ဆက်လက် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ခုလိုပဲ နောက်မီးကျေးရွာအုပ်စုထဲက ဂျိုးကုန်းကျေးရွာမှာ ငဝန်မြစ်ကမ်းပါး ပြိုကျနေလို့ ဘုန်းတော်ကြီးကျောင်းတလုံးနဲ့ လူနေအိမ် ၂၀ ကျော်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013