DVB Logo
Home
မြန်မာသတင်း
အုတ်​ဖုတ်​လုပ်​ငန်း ရပ်​ဆိုင်း​ပေးရန် မြင်းခြံ​ဒေသခံများ​ ​တောင်းဆို
DVB
·
July 13, 2017
အုတ်​ဖုတ်​လုပ်​ငန်း ရပ်​ဆိုင်း​ပေးရန် မြင်းခြံ​ဒေသခံများ​ ​တောင်းဆို
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းမြို့နယ်၊ ဆားခါးကျေးရွာအနီးမှာ အုတ်ဖုတ်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာကြောင့် ဆားခါးကျေးရွာ ဒေသခံတွေက လယ်ယာမြေဆုံးရှုံးမှု၊ သစ်တော ဆုံးရှုံးမှုနဲ့ ကျန်းမာရေးထိခိုက်မှုတွေကြောင့် အုတ်ဖုတ်လုပ်ငန်းအမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ဇူလိုင် ၁၁ ရက်နေ့က ဆားခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဆန္ဒပြုလက်မှတ် ရေးထိုးတောင်းဆိုခဲ့ကြပါတယ်။

“ခုလို ကျေးရွာလူထုတွေ တောင်းဆိုရတာက အုတ်လုပ်ဖို့အတွက် မြေကျင်းတွေ တူးကြတယ်။ အဲဒီလို တူးကြတော့ ကပ်ရက်မြေယာတွေက မြေကန်ဆင်းတွေ ပြိုလာတယ်။ ပြီးတော့ ဆားခါးကျေးရွာက မြနန္ဒာဆည်ရေကို အဓိကထား အသုံးပြုနေရတာပါ။ မြနန္ဒာဆည်ကနေ ဆားခါးရွာအထိ လွှတ်ပေးတဲ့ ရေမြောင်းတွေထဲကို မစင် စွန့်တာတွေ၊ အမှိုက်ပစ်တာတွေ၊ လူတွေရဲ့ အသုံးအဆောင်ပစ္စည်း စတာတွေ စွန့်ပစ်နေတော့ ရေမြောင်း ပိတ်တာတွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။ ဒီရေကို ကျေးရွာက အားထားသုံးနေရတော့ ဒီလို စွန့်ပစ်နေမယ်ဆိုရင် ဒေသခံတွေ ကျန်းမာရေးထိခိုက်လာမှာ သေချာပါပဲ။ အဲဒါကြောင့် အုတ်ဖုတ်လုပ်ငန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ တောင်းဆိုရတာပါ”လို့ ဆားခါးကျေးရွာမှ ဒေါ်သောင်းနုက ဒီဗွီဘီကို ပြောပါတယ်။

ဆားခါးကျေးရွာအနီးမှာ အုတ်ဖုတ်လုပ်ငန်းကို လုပ်ကိုင်နေတာ ၈ နှစ်နီးပါးရှိနေပြီး မြင်းခြံမြို့နယ် တနယ်လုံးမှာရှိတဲ့ သစ်တောတွေဟာ ပြုန်းတီးမှုများစွာ ရှိလာတယ်လို့ ဒေသခံက ဆိုပါတယ်။

“ဆားခါးကျေးရွာမှာရှိတဲ့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ရာမှာ တရားဝင် လုပ်ငန်းလိုင်စင် ဟုတ်၊ မဟုတ်တော့ မသိရပေမယ့် ကျနော်တို့ကို လုပ်ကိုင်ခွင့်ပေးထားတယ်။ တနှစ်ကို လိုင်စင်သက်တမ်းတိုးခဆိုပြီး ငွေကျပ် ၂၀၅,၀၀၀ ဆောင်ရပါတယ်” လို့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ရေရှားပါးတဲ့ အရပ်ဒေသဖြစ်တာကြောင့် မြနန္ဒာဆည်က ရေကို သောက်သုံးရေအဖြစ် အဓိကထား အသုံးပြုနေရတာကြောင့် အုတ်ဖုတ်လုပ်ငန်းကို အမြန်ဆုံး တားမြစ်ရပ်ဆိုင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပြီး နောက်ဆုံးအဆင့် ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်ဖြေရှင်းပေးတာမျိုးမရှိခဲ့ဘဲ ဆားခါးမြေတိုင်းစာရေးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စာရေးတို့ အသိသက်သေထားကာ ကျေးရွာအုပ်ချုပ်ရေးမှူးက လူထုနဲ့ တွေ့ဆုံပြီး ဖြေရှင်းပေးခဲ့ရာမှာ ဒေသခံပြည်သူများက အုတ်ဖုတ်လုပ်ငန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆားခါးကျေးရွာ မြေတိုင်းစာရေးကတော့ “ကျန်အခြားမြေ ဆိုရင်တော့ အုတ်ဖုတ်လုပ်ငန်းကို ဆက်ချထားပေးလို့ ရတယ်။ လယ်မြေ ယာမြေ ဆိုရင်တော့ လုပ်ငန်းချထားပေးလို့ ရမပါဘူး”လို့ ဆားခါးကျေးရွာ မြေတိုင်းစာရေး ကိုသိန်းမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေကြသူတွေဟာ တောင်သာမြို့နယ်က ဖြစ်ကြပြီး အုတ်ဖုတ်သူ ဦးရေ ၃၀ ဦးခန့်ရှိကာ အုတ် ၁ ချပ် ဈေးနှုန်းက ၅၅ ကျပ်မှ ၆၅ ကျပ်အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ် ။

သတင်း - ဓာတ်ပုံ ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013