DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရေရှည်ဆက်ဆံရန် သင့်လျော်သူမဟုတ်ဟု တပ်မတော်ထုတ်ပြန်
DVB
·
July 13, 2017
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရေရှည်ဆက်ဆံရန် သင့်လျော်သူမဟုတ်ဟု တပ်မတော်ထုတ်ပြန်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အပြုသဘော ရေရှည်ဆက်ဆံဖို့ သင့်လျော်တဲ့သူ မဟုတ်တာကြောင့် စိစစ်အရေးယူပေးဖို့ အစိုးရထံ တင်ပြတောင်းဆိုရတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ်အဆင့်ပဲလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့တဲ့အပေါ် လိုအပ်သလို စိစစ်အရေးယူပေးဖို့ အစိုးရကို တင်ပြထားကြောင်း ဇွန်လ ၁၁ ရက်မှာ တပ်မတော်က သတင်းထုတ်ပြန်ပြီး မနေ့က ထပ်မံထုတ်ပြန်လိုက်တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပချစ်ကြည်ရေးခရီး သွားနေချိန် အခုလို တိုက်ရိုက်ပုတ်ခတ် ပြောဆိုတာဟာ တပ်မတော်အကြီးအကဲနဲ့ တပ်မတော်ပုံရိပ်ကို ကျဆင်းစေဖို့ တပ်မတော်အား တိုက်ရိုက်ထိပါး စော်ကားတာလို့ ယူဆတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့မှာ USAID အဖွဲ့နဲ့ ပူးပေါင်းကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ခုလိုပြောဆိုခဲ့တာပါ။

“‘ခု ဒီမိုကရေစီရပြီဆိုပြီးတော့ ထင်နေနိုင်ပါတယ်။ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေရတဲ့ ကာလမှာပဲ ရှိပါသေးတယ်။ အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ အရပ်သားအုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ Relations ဆက်ဆံနေရတဲ့ဥစ္စာက နိုင်ငံအကြီးအကဲ Level တခုကိုထား ဆက်ဆံနေရတယ်။  ဒါ ဒီမိုကရေစီမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေတဲ့ ကာလတခုအတွင်းမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ လိုလားသူတွေ အားလုံးကြားမှာ တူညီတဲ့ ဆောင်ရွက်မှုတွေ၊ တူညီတဲ့ ခြေလှမ်းတွေ ရှိနိုင်ဖို့ လိုအပ်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဘယ်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ ကမ္ဘာ့နိုင်ငံတိုင်းမှာ ရှိနေရမယ့် ဆက်ဆံ၊ ဆက်သွယ်ရေးဖြစ်တယ်၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးသာမဟုတ်၊ လူ့အဖွဲ့အစည်းနဲ့ ၎င်းလူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်အကြား ဆက်ဆံရေးလို့ ကျယ်ပြန့်စွာ ရှုမြင်ရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်နေတဲ့ မိမိတို့နိုင်ငံအတွက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ ပိုအရေးကြီးတဲ့ ဆက်ဆံရေးဖြစ်တယ်၊ ဦးဖြိုးမင်းသိန်းအနေနဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိလို့ မိမိ၏ လေ့လာမှု အားနည်းချက်ကို ဖော်ပြပြီး ထိပ်တိုက်တွေ့ဆုံရေးပုံစံမျိုးနဲ့ ပြောဆိုခဲ့တာဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။

တပ်မတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကွပ်ကဲမှုစနစ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ရဲ့ အကြီးအကဲဖြစ်တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်သလို ပြည်ထောင်စုအင်္ဂါစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အဆင့်သတ်မှတ်ချက် အဋ္ဌမနေရာမှာ တာဝန်ယူထားသူလို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ လက်လွတ်စပယ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုပုံစံ ပြောကြားချက်ဟာ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေတဲ့အပြင် အစိုးရနဲ့ တပ်မတော်အကြား၊ ပြည်သူလူထုနဲ့ တပ်မတော်အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်တွေအတွက်လည်း အခက်အခဲ ဖြစ်လာစေနိုင်သူဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013