DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင်း ရွာသား ၁ ဦး တောင်ယာသွားစဉ် မိုင်းနင်းမိ ဒဏ်ရာရ
DVB
·
July 12, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ဇူလိုင် ၈ ရက် မနက်က ရွာသားတဦး တောင်ယာသွားစဉ် ဆွဲမိုင်း တက်နင်းမိတဲ့အတွက် ဒဏ်ရာရခဲ့ပါတယ်။

နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ပန်မန်ရွာသား စိုင်းပန်းအောင်ဟာ ရွာပြင်ဘက်ရှိ ပြောင်းဖူးခင်းကို သွားရောက်စဉ် ဆွဲမိုင်းကြိုးကို တက်နင်းမိခဲ့တာလို့ ဒဏ်ရာရရွာသားကို သွားရောက်ကူ ညီပေးခဲ့သူ နမ္မတူကူညီရေးအသင်း အဖွဲ့ဝင်တဦးက  ပြောပါတယ်။

“သူက ပြောင်းဖူးခင်း သွားမလို့ပေါ့နော်။ ယာခင်းဘေးကနေ ဖြတ်လျှောက်နေတုန်း မိုင်းကြိုးအစကို နင်းမိတာတဲ့၊ နင်းမိတော့ သူလည်း ဆက်လျှောက်လာတုန်း အနောက်မှာ ပေါက်ကွဲသံကြားလို့ ပြန်လှည့်ကြည့်လိုက်တာ အဲဒီမှာ မိုင်းစတွေ သူ့ကိုယ်ပေါ် လွင့်စဉ်လာတာ၊ သူ့ခြေထောက်နှစ်ဖက်မှာရော၊ ပေါင်နဲ့ တင်ပါးတွေမှာပါ မိုင်းစတွေ ဝင်သွားတယ်။  သူလည်း အဝေးမှာ ငရုတ်သီးဆွတ်နေတဲ့ သူ့အမေကို လှမ်းခေါ်တယ်၊ ဒါပေမယ့် ဘယ်သူမှမကြားဘူး။ သွေးပူတုန်းတော့ နည်းနည်းလျှောက်လို့ရပေမယ့် ခဏကြာ သွေးခဲသွားတော့ လမ်းမလျှောက်နိုင်လို့ တွားသွားပြီး ယာစောင့်တဲဆီ အရောက်လာခဲ့တယ်။ အဲဒီတော့မှ သူ့အမေတွေ အမျိုးတွေ ရောက်လာတယ်။ ရွာက နွားလှည်းနဲ့ သွားတင်လာတာ၊  ဖြစ်တာက မနက် ၁၀ နာရီကျော်၊ ညနေ ၃ နာရီခွဲ ၄ နာရီကျမှ ဆိုင်းခေါင်ရွာကို ရောက်တယ်။ ကျမတို့လည်း သတင်းကြားကြားချင်း ကူညီဖို့ လိုက်သွားတော့ ဆိုင်းခေါင်ရွာမှာ သူ့ကိုမီတယ်။ အဲဒါနဲ့ နမ္မတူဆေးရုံကို ပို့ပေးခဲ့တယ်။”

အဆိုပါရွာသား မိုင်းစနင်းမိခဲ့တဲ့ နေရာဟာ  ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့က တီအန်အယ်လ်အေနဲ့ အာရ်စီအက်စ်အက်စ်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ဖြစ်ပြီး တိုက်ပွဲကြောင့် တောင်ယာမဆင်းနိုင်ဘဲ နားထားရာက အခြေအနေငြိမ်သွားလို့ အလုပ်ပြန်ဆင်းရာမှာ အခုလို မိုင်းနင်းမိတာလို့ ဆိုပါတယ်။

ဒါကြောင့် အခြားရွာသားတွေလည်း လယ်ယာလုပ်ငန်းခွင် အလုပ်ဆင်းလုပ်ဖို့ စိုးရွံ့နေကြပေမယ့် ဝမ်းရေးအခက်အခဲကြောင့်  လုံခြုံမှုမရှိတဲ့ကြားထဲက အလုပ်ဆင်းနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

Photo - Nam Kham News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013