DVB Logo
Home
Lead Story
ကံစမ်းမဲလား၊ ထီလား၊ လောင်းကစားလား
DVB
·
July 12, 2017
ကံစမ်းမဲလား၊ ထီလား၊ လောင်းကစားလား
Donate to DVB

 

“အကြံကောင်းရင် တချက်၊ ကံကောင်းရင် တသက်တဲ့၊ သိန်း ၁ သောင်းတန် ထီလက်မှတ်တွေ တစောင် ၆၀၀ ကျပ်တည်းနဲ့ ရောင်းပေးနေပါပြီခင်ဗျ” ဆိုတဲ့ ထီအရောင်းသမားရဲ့ အာဝဇ္စန်းကောင်းကောင်းနဲ့ အော်ဟစ် ရောင်းနေတဲ့ အသံက ဈေးတန်းကို ဖြတ်ပြီး ထွက်ပေါ်လာတယ်။

ကိုယ့်အိတ်ထဲ နှိုက်ကြည့်တော့ လက်ကျန် ငွေကျပ် ၅၀၀ တိတိ။ လက်ဖက်ရည် မသောက် အငတ်ခံပြီး ထီထိုးဖို့တောင် မလွယ်ပါလား။ တဆက်တည်းစဉ်း စားကြည့်တော့ ထီတစောင် ၁၀၀ ကျပ်မြတ်တော့ ထီတအုပ် ၁၁ စောင်ပါတာ ဆိုတော့ ထီတအုပ် ကုန်ရင် ကျပ် ၁၆၀၀၀ မြတ်နေပါလား။ အစိုးရထုတ်ထီ ဖြစ်နေပါရက်နဲ့ ဘာကြောင့် အမြတ်ပေး ထိုးနေကြရသလဲ။

အစိုးရထီကို အမြတ်ပေးပြီး ပြည်သူတွေ ထိုးနေရတာ ၁၉၈၃ လောက်ကနေ အခုထိပါပဲ။ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီ။ မပြဋ္ဌာန်းရသေးတဲ့ ထီဥပဒေကို ကြည့်ပြန်တော့……။

ပုဒ်မ (၁၆) “အစိုးရထီရုံးမှတာဝန်ရှိသူ သို့မဟုတ် ထီလုပ်ငန်းရှင် သို့မဟုတ် ထီရောင်းချသူ မည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုရောင်းချခြင်းမပြုရ”လို့ ပါရှိတယ်။

(၁၈-ဃ)မှာတော့ ပုဒ်မ (၁၆)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်  ၆ လက အများဆုံး ထောင်ဒဏ် ၁ နှစ်ထိ ဖြစ်စေ၊ ထိုထောင်ဒဏ်အပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ ချမှတ်ခြင်း ခံရမည်။”လို့ ဆိုထားပြန်ပါတယ်။

ဥပဒေက မည်သို့ပင် ဆိုစေကာမူ…. ဆိုတဲ့ ဝေါဟာရတွေနဲ့ ယဉ်ပါးနေတဲ့ မြန်မာ ပြည်သူတွေအဖို့တော့ ဥပဒေ အသက်မဝင်ခြင်းနဲ့ ရင်းနှီးနေခဲ့တာ ကြာပါပြီ။

ဒါပေမယ့် အပြောင်းအလဲကို လိုလားတဲ့ အစိုးရတရပ်အနေနဲ့ကတော့ ကိုယ် ထုတ်ပြန်ထားတဲ့ ဥပဒေတရပ် အသက်ဝင်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အဖြေတရပ် ရှိပြီးဖြစ်ရမှာပါ။

တဆက်တည်း စဉ်းစားရမယ့်အချက်က ဥပဒေမပြဋ္ဌာန်းမီကတည်းက ဖြစ်နိုင်ခြေရှိတဲ့ ပြဋ္ဌာန်းချက်မျိုး ဖြစ်အောင် သုံးသပ်ကြဖို့ လိုပါတယ်။ ထီဥပဒေလိုဟာမျိုးက ပိုလို့ သတိထားကြရမှာပါ။

ထီဆိုတာ အစိုးရကိုယ်တိုင် ကျင့်သုံးတဲ့ လောင်းကစားမျိုးလို့ လူထုထင်မြင်ချက် မဖြစ်ပေါ်ဖို့ လိုပါတယ်။ ဒါကြောင့် DVB Law Lab ရဲ့ ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ” အစီအစဉ်မှာ လူထုကို ဆွေးနွေးတင်ဆက်ဖို့“ အစိုးရ အောင်ဘာလေထီဥပဒေကြမ်း ဘယ်တော့လဲ”ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

အဓိက ပါဝင်ဆွေးနွေးမယ့်သူတွေအဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဋ္ဌေးဦး(စိန်ဂျွှန်း)၊ စီးပွားရေးပညာရှင် ဦးလှမောင်(အောင်ချိန်ဘွား)နဲ့ အောင်ဆုပန် ထီလုပ်ငန်းရှင် ဦးကျင့်ဟူတို့ကို ဖိတ်ကြားထားပါတယ်။

ပထမဆုံး အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့အမေးကိုတော့ ဦးဋ္ဌေးဦး(စိန်ဂျွှန်း)က “လောင်းကစားဥပဒေမှာ ထီနဲ့ပတ်သက်ပြီး နိုင်ငံတော်က လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ခြွင်းချက်ထည့်မထားဘူး။ ထီဆိုတာ လောင်းကစား တမျိုးပဲ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ထီဥပဒေမှာ အများကြီး ပြင်ဆင်မှုလုပ်ရလိမ့်မယ်”လို့ဆိုပါတယ်။

ဦးလှမောင်(အောင်ချိန်ဘွား)ကတော့ ထီဥပဒေကြမ်းဟာ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးဖို့ လိုမယ်။ ထီဟာ ပုံမှန်အခွန်ရတာ ဖြစ်တဲ့အတွက် စီးပွားရေးရှုထောင့်ကနေ ကြည့်ရင် အစိုးရ တရပ်အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်လို့ ဆွေးနွေးသွားပါတယ်။

ထီလုပ်ငန်းရှင် ဦးကျင့်ဟူကတော့ “ထီလုပ်ငန်းဟာ ဆက်လက်ကြီးထွားလာမှာ ဖြစ်တယ်။ လူဦးရေ တိုးပွားလာတာနဲ့အမျှ တလ တကြိမ် ထီထွက်ခြင်းမှာ လုံလောက်မှု မရှိတော့ဘူး။ ဒါကြောင့် e-Lottery ကို တလ ၂ ကြိမ် ထွက်လာရင် သာမန်လူတွေအတွက်လည်း အဆင်ပြေသွားမယ်လို့ ယူဆပါတယ်”လို့ ဆွေးနွေးသွားပါတယ်။

အခြား ခြားသူတွေကတော့ e-Lottery ကို သဘောမတွေ့ကြပါဘူး။ လူထုဟာ ထီထိုးနေတာနဲ့ပဲ အချိန်ကုန်နေမယ်လို့ ထောက်ပြကြပါတယ်။ ထီဆုကြေးငွေကို ကျပ်သန်း ၁ သောင်းအစား အများ ခံစားဖို့အတွက် ထပ်မံခွဲစိတ်ပေးဖို့ လိုတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဦးဋ္ဌေးဦးက ဖြည့်စွက်ပြောဆိုရာမှာ အခွန်ရဖို့ထက် လူထုဆင်းရဲတွင်း မနက်ဖို့က ပိုလိုအပ်ကြောင်း ဆွေးနွေးသွားသလို လောင်းကစားကိစ္စက ထီမရှိလည်း လုပ်နေကြတာပါပဲ။

ဒါကြောင့် နိုင်ငံတကာကို မျက်နှာမူပြီး ဆုကြေးငွေရာခိုင်နှုန်းကိုသာ ပြင်ဆင်ပြီး ထီဖွင့်သင့်ကြောင်းကို ဦးလှမောင်(အောင်ချိန်ဘွား)က ထောက်ပြဆွေးနွေးသွားပါတယ်။

ဦးကျင့်ဟူကတော့ အစိုးရကသာ ထီရောင်းဈေးကို ရာခိုင်နှုန်း တိုးပေးမယ်ဆိုရင် ထီကို ဈေးတင်ရောင်းစရာ မလိုကြောင်း၊ ထီရောင်းသူတွေဟာ သမာအာဇီဝကိစ္စ ဖြစ်တဲ့အတွက် ဈေးတင်ရောင်းသူတွေကို ထောင်ဒဏ်အစား ငွေဒဏ်သာ တိုးမြှင့်ပေးသင့်ကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။

အစီအစဉ်မှာ ဆွေးနွေးသွားကြတာတွေဟာ ကျေနပ်စရာကောင်းသလို ရှုထောင့်လည်း စုံလင်ပါတယ်။ လုပ်ငန်းရှင် ထီကိုယ်စားလှယ်ရဲ့ အမြင်၊ စီးပွားရေးပညာရှင်ရဲ့ ရှုထောင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ လူထု မျက်နှာမူပြီး ဆွေးနွေးချက်တို့ဟာ ပြည့်စုံနေပါတယ်။

ဒါအပြင် လူမှုကွန်ရက်က လူထုအသံအဖြစ် မေးမြန်းချက်တွေကလည်း ကျေနပ်စရာပါ။ ဘာပဲဖြစ်ဖြစ် ထီဆိုတာလည်း လောင်းကစားတမျိုး ဖြစ်တာမို့ ဥပဒေအရ သေသေချာချာ ထိန်းချုပ်မပေးနိုင်ရင် မသမာမှုတွေ ဝင်ရောက်လာတတ်စမြဲပါပဲ။ ဒါကြောင့် ဥပဒေမှာ ကံစမ်းမဲလား၊ ထီလား၊ လောင်းကစားလား ဆိုတာ ကွဲပြားအောင် သတ်မှတ်ဖွင့်ဆိုပေးဖို့ လိုအပ်သလို ကြပ်မတ်မဲတင်း ထိန်းညှိပေးဖို့လည်း လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013