DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးမှုကြောင့်နေအိမ်များရေထဲမျောပါ၊ လူ၁သောင်းကျော် ရေဘေးဒုက္ခရောက်နေ
DVB
·
July 11, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ဇူလိုင်လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာကာ မြစ်ဘေးတလျှောက် မြို့တွေ၊ ရွာတွေမှာ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေကြရပါတယ်။

မြစ်ရေကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နောက်ထပ် ၂ ပတ်လောက်အထိတော့ အနည်းဆုံး ပိတ်ထားရမယ့် အနေအထားရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ် ၂၃ အိမ် ရေထဲမျောပါခဲ့ပြီး၊ လူပေါင်း ၁သောင်းကျော် ရေဘေးဒုက္ခရောက်နေကာ ခန္တီးမြို့နယ်မှာ လူ ၁ ဦး သေဆုံးခဲ့သလို မုံရွာမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်မှာ လူတဦးစီ သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်နေလို့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အခြေခံပညာကျောင်းပေါင်း ၁၈၆ ကျောင်း ပိတ်ထားနေရပြီး မင်းကင်းမြို့နယ်က ၅၄ ကျောင်းနဲ့ အများဆုံး ဖြစ်ပါတယ်။

လူကယ်ပြန်၊ မီးသတ်၊ ကြက်ခြေနီနဲ့ ဌာနဆိုင်ရာတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ငွေကျပ်သိန်း ၂၅၆ သိန်းကျော် ထောက်ပံ့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုဖြစ်ရင် ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ မြွေ၊ ကင်း အန္တရာယ်တွေ မကြုံတွေ့ရအောင် ကျန်းမာရေးဌာနအနေနဲ့ သတိပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သောက်သုံးရေအတွက်လည်း သယ်ယူရလွယ်ကူတဲ့ ရေသန့်ဆေးပြားတွေကို ရေဝင်ရာ ဒေသတွေဆီ ဖြန့်ဝေပေးထားပြီး  ဒီနေ့မှာလည်း ခန္တီးနှင့် မုံရွာမြို့နယ်က ရေဘေးသင့်အိမ်ထောင်စုတွေကို ဆက်လက်ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ဒီနေ့ထိ မိုးရွာသွန်းမှုကြောင့် မြစ်ရေ ဆက်လက်မြင့်တက်လာ နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်တွေနဲ့ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၅ ရက်တာ သွားလာခွင့်ပိတ်ထားခဲ့ပေမယ့် ရေတက်နေဆဲ ဖြစ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ နောက်ထပ် ၄ ရက် ဆက်ပိတ်လိုက်တယ်လို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီက ဒီနေ့အစည်းအဝေးပြီးမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကူးတို့လှေတွေနဲ့ပတ်သက်ပြီး ရေအနေအထား၊ ရာသီဥတုအနေအထားပေါ် မူတည်ပြီး သွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။

ခန္တီးမြို့နယ်၊ မိုလွန်းရွာ အုပ်ချုပ်ရေးမှူး ဦးယန်းလက်က “ရေတက်နေတာ တပတ်လောက်ရှိပြီ။ ပတ်ဝန်းကျင်က ရွာတွေလည်း မြုပ်နေတယ်။ ရွာမှာက လယ်နဲ့ တောင်ယာလုပ်သူတွေပဲ ရှိတာ။ တောင်ယာလုပ်သူတွေက တချို့က တစ်လ နှစ်လစာ စားဖို့ရတယ်။ တချို့က နှစ်ဝက်လောက်စားဖို့ ရတယ်။ ခုတော့ ရှိတဲ့အိမ်တွေကနေ ဝေမျှစားနေရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

သူတို့ရွာဟာ ခန္တီးမြို့ကနေ အမြန်ရေယာဉ်နဲ့ တနေ့ခရီး ဝေးတာပါ။  ခန္တီးမြို့နယ်ထဲမှာ ကျေးရွာနဲ့ ရပ်ကွက် ၂၁ ခုလောက် လတ်တလော ရေနစ်မြုပ်နေပြီး ရေဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ရေကြီးတုန်းက စေတနာရှင်တွေ လာရောက်လှူဒါန်းတာတွေ ရှိခဲ့ပြီး ဒီနှစ်ကတော့ မရှိသေးဘူးလို့ ခန္တီးက လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013