
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကြားနာပွဲကို သီတင်း တပတ်အတွင်း ပြုလုပ်သွားဖို့ရှိနေတယ်လို့ အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက သိရပါတယ်။
ဒီဥပဒေမူကြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ လွှတ်တော်ကိုယ်စားလှယ် တွေကို ဖြန့်ဝေတာဖြစ်ပါတယ်။
ကြားနာပွဲမှာ ဖိတ်သင့်တဲ့ သူတွေ ဖိတ်သွားမှာဖြစ်ပြီး အမြန်ဆုံး လုပ်သွားမယ်လို့ အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောပါတယ်။
“ ပြောကြတာပဲ။ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ ဒီထက်ပိုပြင်သင့်တယ် ပြောကြတယ်။ သို့သော် အန်ကယ်တို့ ဖိတ်သင့်တဲ့သူတွေ ဖိတ်ပါ့မယ်။ ပြင်တဲ့ကိစ္စမှာ အစည်းအဝေးတွေ ဥပဒေကြမ်း ကော်မတီအနေနဲ့ ကြားနာသင့်တယ်လို့ ယူဆတဲ့အဖွဲ့အစည်း တွေ ဖိတ်ရမယ်ဆိုလည်း ဖိတ်သင့်တဲ့သူတွေ ဖိတ်မယ်။ အမြန်ဆုံးတော့ လုပ်မှာပါ။ အမြန်ဆုံး လည်း လုပ်မယ်။ မီဒီယာတွေကလည်း အမြန်ဆုံးလုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ပြည်သူတွေကလည်း အမြန်ဆုံး လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုတော့ အလေးအနက်ထားတယ်။ ဒီတစ်ပတ်အတွင်းမှာ စမယ်” လို့ ဦးဇော်မင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံးကလည်း ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း)ကို ထုတ်ပြန်ထားပါတယ်။











