အမြင်အာရုံချို့တဲ့သူတွေ ကိုယ့်ပညာရပ်နဲ့ ကိုယ်အသက်မွေဝမ်းကျောင်း ပြုနိုင်အောင်၊ ကိုယ်အားကိုယ်ကိုးပြီး ရပ်တည်နိုင်အောင် ရည်ရွယ်ကာ တိုင်းရင်းမြန်မာ လက်နှိပ်အကြောပြင် သင်တန်း ဖွင့်လှစ် သင်ကြားပေးနေပါတယ်။
ပြင်ဦးလွင် မျက်မမြင်ဘက်စုံပညာသင်ကျောင်းနဲ့ မုံရွာမြို့ ရောင်ခြည်သစ် မျက်မမြင်ကျောင်းတို့ ပူးပေါင်းပြီး ဇွန် ၆ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ ၃ လကြာ တိုင်းရင်းမြန်မာ လက်နှိပ်အကြောပြင်သင်တန်း ဖွင့်လှစ်နေတာပါ။
ဒီသင်တန်းကို ပြင်ဦးလွင် မျက်မမြင်ဘက်စုံသင်တန်းကျောင်းမှာ ၅ ကြိမ်၊ မုံရွာမြို့ ရောင်ခြည်သစ်မှာတော့ ဒုတိယအကြိမ်အဖြစ်ဖွင့်လှစ်နေတာပါ။
သင်သားဆရာတွေက မော်လူးနှင့် ပြင်ဦးလွင် မျက်မမြင်ကျောင်းကဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက အမြင်အာရုံချို့တဲ့သူတွေ လာတက်ကြတာပါ။
သင်တန်းတက်သူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၅၀ အတွင်း အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁၆ ဦး စုစုပေါင်း ၂၀ ရှိပြီး သင်တန်းဆရာ ၃ ဦးက တိုင်းရင်းဆေးဖော်စပ်နည်း၊ ကုထုံးနဲ့ အကြောပြင်ပညာရပ်တွေကို အဓိကသင်ကြားပေးတယ်လို့ ရောင်ခြည်သစ် မျက်မမြင်ကျောင်းအတွင်းရေးမှူး ဦးချိုက ဒီဗွီဘီကို ပြောပါတယ်။
သင်တန်းသားတွေရဲ့ စားဝတ်နေရေးအတွက် ကျောင်းက တာဝန်ယူပြီး တနေ့ကို ၄၀၀၀၀ ကျပ်လောက် ကုန်ကျကာ အလှူရှင် မရှိသေးဘူးလို့လည်း ဆိုပါတယ်။
အမြင်အာရုံချို့တဲ့သူတွေအပြင် မသန်စွမ်းတွေအားလုံးအတွက် လူမှုပတ်ဝန်းကျင်ထဲမှာ ခွဲခြားမှုတွေလည်း ဒီနေ့ထက်ထိတိုင် ခံစားနေရဆဲ ဖြစ်တယ်။ အဓိကကတော့ ပညာသင်ကြားရေးနဲ့ ခရီးသွားလာရေးတွေမှာ တန်းတူအခွင့်အရေးတွေ ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ ရောင်ခြည်သစ် မျက်မမြင်ကျောင်းမှ ကျောင်းဆရာ ဦးစိုးဝင်းနိုင်က ပြောပါတယ်။
ရောင်ခြည်သစ် မျက်မမြင်ကျောင်းမှာ အသက် ၆ နှစ်ကနေ ၇၁ နှစ်အထိ စုစုပေါင်း အယောက် ၄၀ ရှိပါတယ်။ ဒီကျောင်းကို တည်ထောင်လာခဲ့တာ ၁၃ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်က လူမှုဝန်ထမ်း အသိအမှတ်ပြုကျောင်းအဖြစ် အစိုးရက သတ်မှတ်ပေးခဲ့ပါတယ်။











