DVB Logo
Home
မြန်မာသတင်း
ကိုယ်တိုင်စိုက်ပျိုးကြတဲ့ မူလတန်းလွန်ကျောင်းက ကလေးငယ်လေးများ
DVB
·
July 10, 2017
Donate to DVB

အခုကြားနေရတဲ့ ကဗျာရွတ်သံကတော့ မိုင်းဆတ်ခရိုင် ယောင်ခကျေးရွာက မူလတန်းလွန် ကျောင်းက အသံတွေပါ။ဒီ စာသင်ကျောင်းက ကလေးငယ်တွေဟာ ညနေ ကျောင်းဆင်းချိန်ဆိုရင် ကျောင်းစိုက်ခင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးကြရပါတယ်။

ယောင်ခကျေးရွာ၊ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက “သူတို့ ကျောင်းပိတ်တဲ့အချိန်မှာ မျိုးစေ့ထုပ်လေးတွေကို မယ့်ဖားလုံက ပေးလိုက်တာပေါ့။ အဲဒီလို ပေးလိုက်တာကို သူတို့ ကျောင်းပိတ်တဲ့ စနေ၊ တနင်္ဂနွေမှာ စိုက်ပျိုးပါတယ်ရှင့်” လို့ ပြောပါတယ်။

အခုမြင်နေရတဲ့ ချဉ်ပေါင်ပင်တွေကလည်း ကျောင်းသားတွေ ကိုယ်တိုင် စိုက်ပျိုးထားကြတာပါ။ အခုလို ထွက်ရှိလာတဲ့ သီးနှံတွေကို ကျောင်းက ဆရာ၊ ဆရာမတွေကို ပေးကြတဲ့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ ပီတိဖြစ်ရတယ်လို့ ဆရာ၊ ဆရာမတွေက ဆိုပါတယ်။

တချို့ကလေးငယ်တွေကတော့ အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးကြသလို ကြက်၊ ဘဲတွေကိုလည်း အိမ်မှာ မွေးမြူထားကြပါတယ်။ ဒီလိုအလေ့အထကို ဒီကျောင်းတကျောင်းတည်း လုပ်ဆောင်တာ မဟုတ်ဘဲ အနီးအနားက ကျောင်းတွေကလည်း လုပ်ဆောင်ကြသလို ထွက်ရှိလာတဲ့ အထွက်နှုန်းတွေကို ပြိုင်ပွဲလုပ်ကြပါတယ်။

ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက တရားရေးဌာနအောက်က မူးယစ်အဖွဲ့နဲ့ မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မယ့်ဖားလုံ ဖောင်ဒေးရှင်းတို့က နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

ယောင်ခကျေးရွာနေ မယ့်ဖားလုံ ဖောင်ဒေးရှင်း စေတနာ့ဝန်ထမ်းက “ကျနော်တို့ မယ့်ဖားလုံက ကျောင်းသား ကျောင်းသူတွေကို မျိုးစေ့တွေ ထောက်ပံ့ပေးတယ်။ မြေပြင်တာကအစ မြက်ရှင်းတာတို့ ဘာတို့ အိမ်မှာ ကျောင်းသား ကျောင်းသူတွေက ကိုယ်တိုင်လုပ်ရတယ်”လို့ ပြောပါတယ်။

မယ့်ဖားလုံ ဖောင်ဒေးရှင်း မယ့်ဖားလုံအနေနဲ့ ဒီဒေသကို အခုလို ကူညီရတဲ့ အကြောင်းကတော့ ရေရှည်တည်တံ့တဲ့ အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးအတွက် တစိတ်တပိုင်းအနေနဲ့ အခုလို ကူညီတာ ဖြစ်ပါတယ်။

ဒီဒေသက ရွာသားတွေဟာ ပြောင်းနဲ့ စပါးကို အဓိကစိုက်ပျိုးကြတာဖြစ်ပြီး အိမ်အတွက် လိုအပ်တဲ့ မုန့်ညင်း၊ ငရုတ် စတဲ့ အခြေခံစားကုန်တွေကို ထိုင်းနိုင်ငံကနေ ဘတ်ငွေနဲ့ ဝယ်ယူစားသုံးကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျေးရွာသားတွေအနေနဲ့ ဝင်ငွေ ထွက်ငွေ မမျှတဘဲဖြစ်ပြီး အကြွေးတင်တဲ့ အနေအထားအထိ ဖြစ်ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် အိမ်ရဲ့ ထွက်ငွေ လျော့ကျသွားအောင် စာသင်ကျောင်းတွေကနေ စတင်ပြီး သီးနှံတွေ စိုက်ပျိုးတတ်အောင် သင်ကြားပေးတာပါ။ ဒီကျောင်းက ကလေးငယ်တွေအနေနဲ့ မနက်ပိုင်းမှာ မြန်မာအစိုးရရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားရပြီး ညနေပိုင်းမှာတော့ တရုတ်စာကို သင်ကြားရပါတယ်။

အကြောင်းကတော့ ဒီဒေသက ကလေးငယ်တွေ အများစုဟာ ဝ တိုင်းရင်းသားတွေ ဖြစ်ကြပြီး ဝ ဘာသာစကားနဲ့ တရုတ်စကားကို အဓိကပြောကြလို့ ဖြစ်ပါတယ်။

ဒေသအနေအထားကတော့ ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးတဲ့ နေရာဒေသ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013