DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သည့် ဝါဆိုထမင်းပွဲတော် ပဲနွယ်ကုန်းတွင် ပြုလုပ် (ရုပ်သံ)
DVB
·
July 10, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းဒေသအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က စတင်ကျင်းပခဲ့တဲ့ ဝါဆိုထမင်းပွဲတော်ကို ဇူလိုင်လ ၉ ရက်က ပဲနွယ်ကုန်းဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံးမှာ အစဉ်အလာမပျက် ကျင်းပခဲ့ကြပါတယ်။

မဖိတ်ဘဲ သွားမခေါ်ဘဲ စားကြရပြီး လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲ ချမ်းသာမရွေး ညီတူညီမျှရှိတဲ့ ဝါဆိုထမင်းပွဲနဲ့ပတ်သက်ပြီး ဒေသခံတဦးဖြစ်တဲ့ စာရေးဆရာဦးဆွေလင်း(အောင်မြေ)က အခုလို ပြောပါတယ်။

“ဝါဆိုထမင်းပွဲကတော့ ထူးခြားတဲ့ ပွဲတပွဲပေါ့။ ကျနော် ပဲနွယ်ကုန်းကို ရောက်တာ နှစ်သုံးဆယ် ကျော်ပြီ၊ ဘာလို့ ထူးခြားတာလဲဆိုတော့ လပြည့်ကျော် ၁ ရက်နေ့မှာ ဘုန်းကြီးကျောင်းတိုင်းမှာ ဝါဆိုထမင်းကို ကျွေးတာ၊ ကျွေးတဲ့အခါကျတော့လည်း လူမျိုးမရွေး လူတန်းစားမရွေးကို ကျွေးတာ၊ ကျွေးတဲ့နေရာကို လူတွေလိုက်ပြီး စားနေကြတာ မြင်တော့ ကိုယ်က ဖိတ်မှသွားရတဲ့ ဘဝကလာတဲ့လူဆိုတော့ အံ့သြမိတာပေါ့။ ပျော်စရာလည်း ကောင်းပါတယ်။”

ဝါဆိုထမင်းပွဲကို နှစ်စဉ်ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး ဘယ်သူ့ကိုမှ ဖိတ်ကြားတာမရှိဘဲ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျွေးမွေးတာပါ။ အဆိုပါပွဲကိုလည်း အဝေးကို ရောက်ရှိနေကြတဲ့ ဒေသခံတွေ ပြန်လာကြပြီး ဝါဆိုထမင်းများကို လိုက်စားကြပါတယ်။

ရန်ကုန်မှာ နေထိုင်တဲ့ ပဲနွယ်ကုန်းဒေသခံတဦးကလည်း “ကျနော် ရန်ကုန်ကနေ ပြန်လာတာပါ။ ဒီနေ့ ဒီရက် ရောက်ရင်တော့ လာတယ်။ ဘုန်းကြီးကျောင်းတွေကို လိုက်ပြီး ဝါဆိုထမင်း စားတာပါ။ တနိုင်ငံလုံးမှာလည်း ဒီလိုပွဲမျိုးကျင်းပတာ ကျနော်တို့ တဒေသပဲ ရှိပါတယ်"လို့ ပြောပါတယ်။

ဝါဆိုထမင်းပွဲကို ပဲနွယ်ကုန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းနဲ့ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုင်းမှာ ကျင်းပကြပါတယ်။ အဆိုပါ ဝါဆိုထမင်းပွဲကို ပဲနွယ်ကုန်းမြို့ တောရကြီးကျောက်တိုက်မှ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဝါဆိုထမင်းပွဲကို ဘုန်းတော်ကြီးကျောင်းတိုင်းမှာ ငါးပိထောင်း၊ အရွက်စုံချဉ်ဟင်း၊ ပဲနှပ်နဲ့ အတို့ အမြုပ်တွေကိုသာ ကျွေးမွေးပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013