DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ၂ ဦး ရှေ့နေနှင့် တွေ့ဆုံ ကိုယ်စားလှယ်လွှဲခွင့်ရ
DVB
·
July 10, 2017
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ၂ ဦး ရှေ့နေနှင့် တွေ့ဆုံ ကိုယ်စားလှယ်လွှဲခွင့်ရ
Donate to DVB

 

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက် ကိုပြည့်ဘုန်းအောင်တို့ကို ဒီကနေ့မနက်က  ရှေ့နေတွေက အကျဉ်းထောင်မှာ တွေ့ဆုံခွင့်ရှိခဲ့ပြီး ကိုယ်စားလှယ်လွှဲစာယူခွင့် ရရှိခဲ့ပါတယ်။

ဒီဗွီဘီသတင်းထောက်တွေရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက “အထဲမှာဒီဗွီဘီ သတင်းထောက် ၂ ဦးလုံးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ စပြီး အဖမ်းခံရတဲ့ အချိန်ကစပြီး ဒီနေ့အထိ အသေးစိတ် အချက်အလက်တွေ ကို ပြောပြပါတယ်။ ပြောပြတာကိုလည်း ကျနော်တို့က ရှေ့နေအနေနဲ့ ညွန်ကြားချက်ယူတဲ့ ပုံစံမျိုးနဲ့ မှတ်တမ်းရေးယူခဲ့ပါတယ်။ သူတို့ တော်တော်လေး ပြည့်ပြည့်စုံစုံပြောပြီးတော့၊ ရှေ့နေအနေနဲ့ပေါ့ ကိုယ်စားလှယ်လွှဲစာ ယူခဲ့ပါတယ်။ ထောင်ကပဲ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ယူခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ ညွန်ကြားချက်တွေလည်း ယူခဲ့ပါတယ်။ အသေးစိတ်ပြောပြချက်တွေကိုလည်း မှတ်တမ်းတင်ခဲ့ ပါတယ်”လို့ပြောပါတယ်။

ရှေ့နေတွေအပြင် ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်ရဲ့ မိသားစုက လည်း ဒီကနေ့ မနက်က ထောင်ဝင်စာ သီးခြားတွေ့ခွင့်ရရှိခဲ့သလို  သီပေါမြို့နယ် တရားသူကြီးနဲ့ လည်း ရှေ့နေတွေ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။  

ဒီဗွီဘီသတင်းထောက် ၂ ဦးအပါအ၀င် ၆ ဦးကို မတရားအသင်းအက်ဥပဒေ ပုဒ် ၁၇ (၁)နဲ့  ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သီပေါမြို့နယ် တရားရုံးမှာ တရားစတင်စွဲဆိုခဲ့ပြီးနောက် ခုလိုရှေ့နေနဲ့ ပထမဆုံးအကြိမ်တွေ့ခွင့်ရခဲ့တာပါ။

သတင်းထောက်တွေဟာ မတရားသင်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းခြင်းမရှိဘူးလို့လည်း ရှေ့နေ ဦးမောင်မောင်ဝင်းကပြောပါတယ်။

“ရှေ့နေအဖွဲ့က လုံးဝယုံကြည်ထားတာတော့ ၁၇ (၁)မှာ ပြဋ္ဌာန်းထားတဲ့ အင်္ဂါရပ်တွေ  ၄ ခုရှိတဲ့ အနက်က တခုမှ မငြိပါဘူး။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ နောက်ဆုံးတချက် ဆွဲယူလို့ရတယ် ဆိုတာတောင်မှ သတင်းယူတဲ့ သတင်းသမားဟာ သီးခြားလွတ်လပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တတိယလူ ဖြစ်တဲ့အတွက် ပူးပေါင်းတာလည်းမဟုတ်တဲ့အတွက် ဥပဒေအရကိုက လွတ်ရမယ့် သဘောရှိပါတယ်။ သတင်းယူတယ်ဆိုတဲ့အပေါ်မှာ သတင်းလောကအတွက် ဒီလို အပြစ်ပေးခံရမယ်ဆိုရင် သတင်းလောကရဲ့ သတင်းယူပိုင်ခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံးတယ်။ မလိုလားအပ်တဲ့ အစဉ်အလာတခုဖြစ်မှာစိုးတဲ့အတွက် ဒီလိုစွဲချက်မျိုးနဲ့ ပြစ်ဒဏ်ကျ မခံရအောင်တော့ ကျနော်တို့ ရှေ့နေအဖွဲ့က အစွမ်းကုန်လုပ်သွားရမယ့် သဘောရှိပါတယ်။”

ဇွန် ၂၆ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (တီအန်အယ်လ်အေ) ကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းယူပြီး အပြန်မှာ သတင်းထောက်တွေကို တပ်မတော် စစ်ကြောင်းက ဖမ်းဆီးပြီး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်အရေးခဲ့တာပါ။

မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) မှာ မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင်၊  သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင်  သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် ပြစ်မှုမြောက်တယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဖျက်ဆီးတဲ့ပွဲဟာ အမည်းရောင်နယ်မြေမဟုတ်တဲ့ တရားဝင်နယ်မြေမှာ ပြုလုပ်တဲ့ပွဲဖြစ်ပြီး  နယ်မြေခံ အာဏာပိုင်တွေ ၀န်ထမ်းတွေ ကျောင်းသားတွေ ကျောင်းဆရာမ တွေ သူနာပြုတွေတက်ခဲ့တဲ့ ပွဲဖြစ်သလို  စစ်ဆေးရေးဂိတ်က တာဝန်ကျတပ်မတော်အရာရှိတွေ ကို တရားဝင်အသိပေးပြီးမှ သွားရောက်သတင်းယူခဲ့တာဖြစ်တယ်လို့လည်း ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“သွားတဲ့အခါ တပ်က စစ်ဆေးရေးလုပ်တဲ့ ဂိတ်မှာ တာဝန်ကျတဲ့ အရာရှိကိုယ်တိုင်က ခင်ဗျားတို့ သတင်းသွားယူတာမလား၊ ဒါ ကောင်းပါတယ်။ နိုင်ငံတော်အစိုးရလည်း မူးယစ်ဆေးဝါး ပပျောက်ရေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီလို ကောင်းတာလုပ်တဲ့ သတင်းယူတာ ဘာမှ ပြောစရာမရှိပါဘူးဆိုပြီးတော့၊ သတင်းထောက် ၂ ဦးရဲ့ လိပ်စာကတ်တွေလည်း ယူလိုက်ပါ တယ်။ အဲတော့ ဥပေဒေရှုထောင့်ဘက်က ပြောချင်တာက ဒီလို သတင်းသွားယူတာဟာ တပ်ကနေသိတယ်။ ဘာကိစ္စသွားယူတယ်ဆိုတာ၊ သူတို့ကလည်း လိုလိုလားလား ခွင့်ပြုတယ် ဆိုတာ ပေါ်ပေါက်ပါတယ်။ ဒီအပ်ါမှာလည်း တပ်ကလည်း ငြင်းမယ် မထင်ပါဘူး။ ”

ဒီဗွီဘီသတင်းဌာနက အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ မိုင်းအောင်ခမ်းတို့ ၆ ဦးရဲ့ အမှုကို စတင်စစ်ဆေးဖို့ လာမယ့်  ဇူလိုင် ၂၁ ရက်နေ့ ရုံးချိန်းထားပါတယ်။

ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ မိုင်းအောင်ခမ်းတို့ နှစ်ဦးကတော့ ၁၇ (၁) ပုဒ်မအပြင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ပါ အမှုဖွင့်အရေးယူခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013