ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ပြောင်းလဲခန့်အပ်
DVB
·
July 10, 2017

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူမယ့် ဗိုလ်မှူးကြီးအောင်စိုးမိုးက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်အချို့ရဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တွေ အစားထိုး ပြောင်းလဲတဲ့ ထုတ်ပြန်ချက်တစောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း နေရာမှာ ဗိုလ်မှူးကြီးအောင်စိုးမိုးကို အစားထိုးတာကို တွေ့ရပါတယ်။
ဒီလို အစားထိုးပြောင်းလဲခန့်အပ်ရာမှာ နယ်လုံဝန်ကြီးရဲ့ ကိုယ်ရေးအချက်အလက်တွေ အပြည့်အစုံ တင်ပြဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြခဲ့ပါတယ်။
နယ်လုံဝန်ပြီးအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ဗိုလ်မှူးကြီးအောင်စိုးမိုးရဲ့ ဓာတ်ပုံမှာ ဆုတံဆိပ်တွေ ပါရှိပေမယ့် ကိုယ်ရေးအချက်အလက်တွေ တင်သွင်းရာမှာ ဆုတံဆိပ်တွေ ဘွဲ့ထူး ဂုဏ်ထူးတွေ မပါဝင်တာကြောင့် အချက်အလက် အပြည့်အစုံ တင်သွင်းပေးဖို့ ထောက်ပြခဲ့တာပါ။
နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးကို ပြောင်းလဲခန့်အပ်ဖို့အတွက် ကန့်ကွက်လိုပါက အချက်အလက် အတိအကျနဲ့ ကန့်ကွက်ဖို့ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုပေးခဲ့ပေမယ့် ကန့်ကွက်သူ မရှိတဲ့အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို အတည်ပြု ခန့်အပ်လိုက်တာပါ။